
ကမ္ဘာတစ်ဝှမ်းက အလွန်ထင်ရှားကျော်ကြားတဲ့ ပွဲတော်တွေ များစွာထဲကမှ အကျော်ကြားဆုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲမှုအများဆုံးပွဲတော်တစ်ခုဟာ ဖေဖော်ဝါရီလထဲမှာပဲ တမင်ကို ငွေကုန် ကြေးကျအများကြီးခံပြီး ကျင်းပလေ့ရှိပါတယ်။ အဲဒီပွဲတော်က ကာနီဗယ်ပွဲတော်ပဲဖြစ်ပါတယ်။ ဝင်ကြေးမလို၊ ကြည့်ရှုခပေးစရာမလို
ဘဲ ပွဲကြည့်သူသက်သက်တင်သာမက စိတ်ပါရင်ကိုယ်တိုင်ကိုယ် ကျပါဝင်ဆင်နွှဲလို့လည်းရတာမို့ အဲဒီပွဲတော်နေ့ကို ရောက်ပြီဆိုတိုင်း ပွဲတော်ကျင်းပမယ့် နိုင်ငံတွေ ရှိရာကို ကမ္ဘာလှည့် ခရီးသည်တွေတဖွဲဖွဲရောက်လာတတ်ကြတာ အင်မတန်မှ တက်ကြွပျော်ရွှင်ဖွယ် ကောင်းလွန်းပါ တယ်။ စတိတ်ရှိုးကြည့်သလို တစ်နေရာတည်းမှာပဲ မဟုတ်ဘဲ ကာနီဗယ်ပွဲတော်မှာ ပါဝင်လှည့် လည်လာတဲ့ သစ်ပင်၊ ပန်းမန်ပုံသဏ္ဍာန် ဒီဇိုင်းတွေနဲ့ ဆင်ယင်ထားတဲ့ ကားကြီးတွေ၊ ဆေး ရောင်စုံတွေ ခန္ဓာကိုယ်အနှံ့ လိမ်းခြယ်ထားတဲ့ ဆပ်ကပ်အဖွဲ့တွေ၊ ခြေလျင်လျှောက်လာတဲ့ ပန်းပွင့်ပုံ၊ ပိုး ကောင်ပုံသဏ္ဍာန် အဆန်းထွင်ပြီး သူတို့ခန္ဓာကိုယ်အလှကို ကြွားကြွားဝါဝါ လုပ်ပြီးကခုန်လမ်းလျှောက်လာတဲ့ ကာနီဗယ် လှပျိုဖြူတစ်သိုက်ကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့မကုန်အောင်ပါပဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့အဖွဲ့ နောက်ကို လိုက်ပြီး လမ်းဘေးဝဲယာကနေ တောက်လျှောက်အဝေးကိုထိ လမ်းလျှောက်လိုက်ပြီးအားပေးလို့ လည်း ရတယ်။

တစ်နေရာမှာပဲရပ်ပြီး လှည့်လာသမျှ ထူးပေ့ဆန်းပေ့ဆိုတဲ့ သစ်သီး၀လံပိုးကောင်ပုံသဏ္ဍာန်ဖက်ရှင် မယ်အရွယ်စုံကိုလည်းတစ်၀ကြီးရပ်ကြည့်နေလို့လည်းရတယ်။ နောက်ဧရာမကားကြီးတွေပေါ်မှာ နန်းတော် ကြီးသဏ္ဍာန်ဒီဇိုင်းထွင်ထားတာတွေ ပန်းခြံကြီးတစ်ခု သဏ္ဍာန်ဖြစ်အောင် ဆင်ယင်ပြထားတာတွေလည်း ရင်သပ်ရှုမောစရာကောင်းလွန်းလှပါတယ်။ ပိုပြီးပျော်စရာကောင်းတာက မျက်စေ့တစ်ဆုံးလှည့်လာတဲ့ ကာနီ ဗယ်ပွဲတော်ယာဉ်တန်း၊ လူတန်း၊ လူအုပ်ကြီးတွေဟာ တော်တော့ကို ထူးဆန်းပြီး လေးလံပင်ပန်းစေမယ့် ဖက်ရှင်ဒီဇိုင်းဆန်းတွေကို ဝတ်ပြီး မမောနိုင်မပန်းနိုင်ပျော်ရွှင်မြူးတူးပြီး တစ်ညတာအချိန်ကို ကုန်ဆုံးစေတဲ့ အထိ အားရပါးရဆင်နွှဲလေ့ရှိတာပါ။

ကာနီဗယ်ပွဲတော်ကို ဖေဖော်ဝါရီလမှာပဲ ကျင်းပလေ့ရှိတာပါ။ ဒီပွဲဟာအများပြည်သူနဲ့ဆိုင်တဲ့ပွဲပါ။ အချို့တွေကဆို Public Street Party လို့တောင်သုံးနှုန်းတာမျိုးရှိပါတယ်။ အဝတ်အစား ဆန်းဆန်းတွေဝတ် မျက်နှာတွေခြယ်သူကခြယ်၊ မျက်နှာဖုံးအဆန်းတွေ စွပ်သူက စွပ်ပြီး တစ်နှစ်တာပင်ပန်းခဲ့တဲ့ နွမ်းနယ်မှုတွေ အားလုံးအတွက် ဒီပွဲမှာ စိတ်ကိုလွှတ်ပြီး ပျော်ကြတဲ့ ပွဲမျိုးပါ။ ကမ္ဘာတစ်ဝန်းက ကာနီဗယ်ပွဲတွေထဲမှာ ဘရာဇီးမှာ ကျင်းပတဲ့ ကာနီဗယ်ပွဲကတော့ အထင်ရှားဆုံးနဲ့ အကြီးအကျယ်ဆုံး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ နိုင်ငံပေါင်းစုံက လူအုပ်ကြီးတစ်ခုအဖြစ် လာရောက်စုရုံးပြီး ဆင်နွှဲကြတာ တစ်နေ့တာအကုန်ပါပဲ။ ဘရာဇီးနိုင်ငံက ဂျနေရိုးမြစ်လို့ အမည်ရတဲ့ Rio de Janeiro မြို့မှာ ကျင်းပလေ့ရှိတဲ့ ကာနီဗယ်ကတော့ ကမ္ဘာမှာ နံပါတ် ၁ ပါပဲ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှပွဲတော်တွေထဲမှာ အစည်းကားဆုံး၊ ပရိသတ်အများဆုံးပွဲတော် အဖြစ်လည်း တစ်ညီ တစ်ညွတ်တည်းမှတ်တမ်းတင်ထားရတာပါ။ ဒီစံချိန်ဟာ ပါးစပ်ပြောစံချိန် တစ်ခုမဟုတ် ပဲ ကမ္ဘာမှာ မှတ်တမ်းစံချိန်တွေကို တင်ပေးတဲ့အဖွဲ့ ဂင်းနစ်စ် စံချိန်အဖွဲ့က တရားဝင် စစ်တမ်းကောက်ယူပြီးမှ Guinness Book of World Records မှာ ထည့်သွင်းလိုက်တာပါ။

ကာနီဗယ်ပွဲတော်ရာဇဝင်နဲ့ ပတ်သက်လို့ကတော့ ကွဲလွဲမှုအနည်းငယ်စီရှိနေပါတယ်။ ခရစ်တော် မပေါ်မီကပင် ကျင်းပခဲ့တာလို့ဟု ယူဆသူရှိသလို ခရစ်တော်ပေါ်ပြီးမှ စတင်ကျင်းပတာလို့ ယူဆပြောဆို ထားတာတွေလည်း တွေ့ရမှာပါ။ ခရစ်ယာန်ပြက္ခဒိန် တွေအရကတော့ ကာသိုလစ်ဒေသတွေမှာ ကျင်းပတယ် လို့ဆိုပါတယ်။ အချို့ကာနီဗယ်ပွဲတွေကိုတော့ ခရစ်တော်ကာလမတိုင်မီ ရှေးရှေးရောမအင်ပါယာကြီးရှိတဲ့ ခေတ်ကာလမှာကျင်းပခဲ့တဲ့ Saturnalia လို့ ခေါ်တဲ့ပွဲတော်ရယ် Bacchanalia လို့ခေါ်တဲ့ ပွဲတော်ကတစ်ဆင့်ပြီး တစ်ဆင့် ပြောင်းပြီး ကာနီဗယ်ပွဲတော်ဖြစ်လာတယ်လို့ အီတလီသမိုင်းက ဆိုပြန်သေးတယ်။ အဆိုပါ Saturnalia ပွဲတော်ဟာဆိုရင် ဂရိ ဘာသာရေး ပွဲတွေကို အခြေခံထားတယ်လို့လည်းဆိုပါတယ်။ တစ်ကယ်တော့ ကာနီဗယ်ဆိုတာ အလယ်ခေတ်(အေဒီ ၁၁၀၀-၄၀၀ခန့်)ကာလရဲ့ ကျေးလက်ယဉ်ကျေးမှုကို ကိုယ်စားပြုပွဲ တော်ဆိုပိုပြီး နီးစပ်ပါလိမ့်မယ်။ များစွာသော ကာနီဗယ်ပွဲတော်တွေကလည်း ခရစ်တော်မတိုင်မီ ဓလေ့တွေကို ပေါင်းစပ်ထားတဲ့ သင်္ကေတတစ်ခုလည်းဖြစ်တဲ့ အလျောက် ဥပမာအနေဖြင့် ပြောရလျှင် Swabian Alemannic Carnival ပွဲတော်ကြောင်းကို လေ့လာကြည့်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။

ခရစ်တော်ပေါ်ပြီးမှ ကာနီဗယ်က ပေါ်လာတယ်ဆိုတဲ့ သမိုင်းကြောင်းအရ ပြေရမယ်ဆိုရင်တော့ ခရစ်ယာန်ပြက္ခဒိန်အရ ဝါတွင်းကာလ သီတင်း ၆ပတ်ရှိပါတယ်။ အဲဒီကာလမှာ အစစချိုးနှိမ်တယ်။ သည်းခံမှု ကို တည်ဆောက်တယ်။ မေတ္တာ၊ စေတနာစိတ်ပွားတယ် စသဖြင့်ပေါ့။ သီတင်းသီလဆောက်တည်သလိုမျိုး ကျင့်ကြံကြတယ်။ အဲဒီကာမှာ ဘာပွဲတော်မှ ကျင်းပလေ့မရှိဘူး။ အစားအသောက်အနေအထိုင်ကအစ စည်းစ နစ်နဲ့ခြိုးခြံချွေတာပြီး ရောင့်ရဲမှုကို ကျင့်ကြံတယ်။ ဝါတွင်းကာလလည်းပြီးမြောက်ပြီဆိုတော့မှ မိတ်ဆွေတွေ စုရုံးပြီးစားသောက်ပွဲ တွေကျင်းပကြတယ်။ ဥပုသ်ကာလမှာ အသားငါး၊ သစ်သီးဝလံအစရှိသည်တို့ကို ခြိုးခြံ ချွေတာပြီးပြီဖြစ်လို့ ဥပုသ်ကာလွန်တဲ့အခါမှာ ဆန်ရေစပါး၊ ကောက်ပဲသီးနှံကအစ အစစအရာရာ ဖွံ့ဖြိုးတိုး တက်လာစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ ကာလဖြစ်လို့ အဆိုပါ ကာနီဗယ်ပွဲတော်ကို မြန်မာလိုပြန်ရလျှင်တော့ ကောက်သစ်စားပွဲတော်လို့ ဆိုတဲ့စကားနဲ့ ဆိုရင်တော့ အနီးစပ်ဆုံးဖြစ်မယ်ထင်ပါ တယ်။

ကာနီဗယ် ယဉ်ကျေးမှုဟာ အီတလီကနေ စပိန်၊ ပေါ်တူဂီနဲ့ပြင်သစ်နိုင်ငံတွေဆီ ပျံ့နှံ့သွားတယ်လို့ ဆိုကြတယ်။ အဲဒီပြင်သစ်ကနေမှ တစ်ဆင့်ဂျာမနီကို ပျံ့သွားတယ်လို့ ဆိုပါတယ်။ မြောက်အမေရိကကိုလည်း ပြင်သစ်မှ တစ်ဆင့်ပျံ့ခဲ့တာဖြစ်ပြီး စပိန်နဲ့ ပေါ်တူဂီတို့ရဲ့ ကက်သလစ်ကိုလိုနီ ချဲ့ထွင်မှုများကနေတစ်ဆင့် ကာ ရေဘီယံဒေသတွေနဲ့ လက်တင်အမေရိကနိုင်ငံတွေဆီထပ်မံ ပြန့်ပွားခဲ့တယ်လို့ သမိုင်းကဆိုပါတယ်။ ဗြိတိန် ကိုတော့ တော်တော်နောက်ကျပြီးမှ ကာနီဗယ်ယဉ်ကျေးမှုက ရောက်ခဲ့တာဖြစ်ပါတယ်။ ဘာပဲပြောပြော ဗြိတိန်မှာလည်း စည်စည်ကားကားကျင်းပနေပြီဖြစ်ပါတယ်။

ကမ္ဘာတစ်၀န်းကျင်းပခဲ့တဲ့ ကာနီဗယ်ပွဲတော်တွေအနက်က အစည်ကားဆုံး အကြီး အကျယ်ဆုံး မှတ်တမ်းဝင်ခဲ့တဲ့ ကာနီဗယ်ပွဲတော် ကျင်းပရာ နိုင်ငံနဲ့ဒေသ(၁၀)ခုရဲ့ စာရင်းကို ဖော်ပြပေးလိုက် ပါတယ်။
၁။ ပွဲအမည် – မာဒီဂရတ်စ်
ကျင်းပရာနေရာ – နယူးအော်လန် အမေရိကန်ပြည်ထောင်စု
၂။ ပွဲအမည် – ကာနီဗယ် ဗင့်ချေ
ကျင်ပရာနေရာ – ဗင့်ချေ၊ ဘယ်လဂျီယမ်းနိုင်ငံ
၃။ ပွဲအမည် – ထရီနီဒက်နဲ့ တိုဘားကိုးကာနီဗယ်
ကျင်းပရာနေရာ – ထရီနီဒက်နဲ့ တိုဘားကိုနိုင်ငံ
၄။ ပွဲအမည် – ဘရာဇီးကာနီဗယ်
ကျင်းပရာနေရာ – ရီယိုဒီဂျနေရိုးမြို့။ ဘရာဇီးနိုင်ငံ
၅။ ပွဲအမည် – မာဒီဂရက်စ်
ကျင်းပရာနေရာ – ဆစ်ဒနီမြို့၊ ဩစတြေးလျ
၆။ ပွဲအမည် – နော့တင်းဟေးကာနီဗယ်
ကျင်းပရာနေရာ – လန်ဒန်မြို့၊ ဗြိတိန်နိုင်ငံ
၇။ ပွဲအမည် – ကေ့ဗယ်ဝင်းတားကာနီဗယ်
ကျင်းပရာနေရာ – ကေ့ဗက်မြို့၊ ကနေဒါနိုင်ငံ
၈။ ပွဲအမည် – ဗင်းန်နစ်ကာနီဗယ်
ကျင်းပရာနေရာ – ကေ့ဗက်မြို့၊ အီတလီနိုင်ငံ
၉။ ပွဲအမည် – မာဒီဂရက်စ်
ကျင်းပရာနေရာ – ယူနီဗာဆယ်၊ စတူဒီယို၊ အော်လန်းဒို၊ ဖရော်ရီဒါပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၁၀။ ပွဲအမည် – ကာနီဗယ်
ကျင်းပရာနေရာ – မွန့်တေဗီဒေးအို၊ ဥရုဂွေးနိုင်ငံ အထက်ပါ စာရင်းဇယားများကတော့ ကမ္ဘာတစ်ဝန်း မှာ ကျင်းပခဲ့တဲ့ အကြီးအကျယ်အခမ်းအနားဆုံး ကာနီဗယ်ပွဲတော်များရဲ့ စာရင်းများအဖြစ် ရေးသားဖော်ပြပေးလိုက်ပါတယ်။
Ref: CNN, BBC & Wikipedia
Teanslated by Nicolas K