သြဂုတ်လ-၁၆ ရက်
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လာရောက်သော ဖုန်းပါသည့်ဘုရားဖူးများ ဝင်ကြေးအပြင် ငွေ ၅၀၀၀ ကောက်ခံမည့်အပေါ်ဝေဖန်ခံရပြီးနောက် ပေးရန်မလိုတော့ပြန်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က ဆိုသည်။
ယမန်နေ့ သြဂုတ်လ ၁၅ ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လာရောက်သူများအနေဖြင့် သြဂုတ်လ ၂၀ ရက်မှစ၍ ကလေး၊လူကြီး တစ်ဦးလျှင်(ရင်ခွင်ပိုက် မပါ) ဝင်ကြေး ၁၀၀၀ ကျပ် ၊နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ။ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ်၊ အလှဓါတ်ပုံရိုက်ခြင်း Video (Pre Wedding ) ရိုက်ခြင်း အပါ ၅၀၀၀၀ ကျပ်။(နာရီဝက်ပိုတိုင်း-၅၀၀၀ ကျပ်)၊ယာဉ်ဝင်ခွင့်(၁)စီးလျှင်(ကား Parking အထိ)၂၀၀၀၀ ကျပ်၊Buggy (၁)စီးလျှင်(၄ ယောက်စီး)( ၁ )နာရီ ၁၀၀၀၀ ကျပ် ပေးရမည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်ပြီးတော့ (Pre Wedding ) ရိုက်ကူးခွင့်ကို ဘုရားတွင် ငွေပေးခွင့်ပြုမည်ဆိုသည့်အပေါ် ဝေဖန်ခဲ့ကြသည့်အတွက် သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် (Pre Wedding )ဆိုသည်ကို ပြန်လည်ဖြုတ်ပစ်ခဲ့ပြန်သည်။
ယင်းနောက် ထုတ်ပြန်ချက်ပါ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ် ဆိုသည်ကို ပြင်းပြင်း ထန်ထန်ဝေဖန်မှုများ လူမှုကွန်ရက်တွင် ဖော်ပြနေကြပြီးနောက် အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ် ဆိုသည့် နေရာတွင် အပျော်ရိုက်ကင်မရာ ၅၀၀၀ ကျပ် ဟုသာ ပြန်လည်ပြင်ဆင်၍ ယနေ့ ထုတ်ပြန် လာခြင်း ဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ဖူးမြော်နိုင်ရန် အတွက် ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရက် ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။