ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီတွင် အဓမ္မအလုပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသား ၄၂ ဦး ကို ကယ်တင်ထား

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် အဓမ္မ အလုပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသား ၄၂ ဦးကို ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ပြီး ယင်းအထဲမှ ပထမအသုတ် ၂၀ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက် ညပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် လူကုန် ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဝင်ရောက်စီးနင်းခဲ့ရာတွင် နိုင်ငံခြားသားစုစုပေါင်း (၁၁၃၇)ဦး အား ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတွင် မြန်မာနိုင်ငံသား(၄၂)ဦး ပါဝင်ခဲ့ပြီး ၎င်းတို့ကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်လူဝင်မှု ကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မေလ ၂၇ ရက်က ပထမ အသုတ်အဖြစ် အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး တို့အား အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *