
Photo Credit: AFP/TED ALJIBE
ဆန် အန်တိုနီယို၊ ဩဂုတ် ၂၅
ဖိလစ်ပိုင်နဲ့ ဩစတြေးလျတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက် အနားမှာ သြဂုတ်လ ၂၅ ရက် သောကြာနေ့က စစ်ရေးလေ့ကျင့်မှု တွေ စလုပ်နေပြီလို့ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် က ဒီလေ့ကျင်မှုကို အနီးကပ်ပူးပေါင်းဆောင်ရွက်မှုရဲ့ “အလွန်အရေးကြီးတဲ့ နမူနာ” လို့ဆိုပြီး ချီးကျူးပြောဆို လိုက်ပါတယ်။
တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ထဲက သန္တာကျောက်တန်းတွေမှာ ကင်းလှည့်ဖို့ ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ တခြားသင်္ဘောတွေ ရာနဲ့ချီ ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။
သောကြာနေ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၂ခုနှစ်က တရုတ်က ဖိလစ်ပိုင်ဆီက သိမ်းယူခဲ့တဲ့ ကြွယ်ဝတဲ့ ငါးဖမ်း မြေဖြစ် တဲ့ Scarborough Shoal ရဲ့ အရှေ့ဘက် ကီလိုမီတာ ၂၄၀ အကွာကရေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်နေတာလို့ သိရပါ တယ်။
“ဒေသတွင်း မတည်ငြိမ်မှုတွေကို သက်သေပြတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်၊ ဒီလိုလေ့ကျင့်ခန်းမျိုး၊ ဒေသတွင်း နိုင်ငံတွေကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှကိုအရေးကြီးပါတယ်” လို့ ဖိလစ်ပိုင် သမ္မတက သတင်းထောက်တွေကို ပြောပါတယ်။
သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလေ့စ် နဲ့ အတူ စစ်ရေးလေ့ကျင့်တာတွေကို အားပေးကြည့် ရှုခဲ့ပြီး “ဒါဟာ ဖြစ်ပျက်လာသမျှအတွက် ကျွန်တော်တို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အရေးကြီးတဲ့ ပြယုဒ် ကဏ္ဍတစ်ခုပါ” ဆိုပြီးလည်း သမ္မတ မားကို့စ်က ထပ်ပြောပါတယ်။
ဒီနေ့ လေ့ကျင်မှုမှာ လေကြောင်း ၊ ရေကြောင်း နဲ့ မြေပြင် လေ့ကျင့်မှု တွေဟာ နှစ်နိုင်ငံရဲ့ ပထမဆုံးသော အဓိက စစ်ရေး လေ့ကျင့်မှု ဖြစ်ပြီး ရန်သူ ထိန်းချုပ်ထားတဲ့ ကျွန်းကို ပြန်လည် သိမ်းပိုက်တဲ့ ပုံစံတူ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဆို ပါတယ်။
သြစတြေးလျစစ်သား ၁၂၀၀ ဝန်းကျင်နဲ့ ဖိလစ်ပိုင် မရိန်းတပ်သား ၅၆၀ ဟာ လေ့ကျင့်မှုမှာ ကမ်းခြေတစ်ခုကို ဝင်စီးနင်း ခဲ့ပြီး ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေ၊ လေထီး၊ US Osprey လေယာဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဖော်ပြခဲ့တာတွေအပြင် အဆင့်မြင့် ဩစတြေးလျ F-35 တိုက်လေယာဉ်နှစ်စင်းက အနီးကပ်လေကြောင်း အထောက်အပံ့ ပေးပြီး ဩစတြေးလျ စစ်သင်္ဘောတွေ ကို လုံခြုံရေးယူပေးတယ် လို့လည်း ထုတ်ပြန်ပါတယ်။လေ့ကျင်မှုက ဘယ် လောက် ကြာမယ် ဆိုတာတော့ သီးခြားပြောဆိုထားတာမျိုးမသိရပါဘူး။
အခုလို နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်တာတွေ မလုပ်မီ တောင်တရုတ်ပင်လယ်ထဲမှာ လိုက်နာရမယ့် ကျင့်ဝတ်စည်း ကမ်းတွေကို ညှိနှိုင်းဖို့ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ပြီး အာစီယံ နဲ့တကွ တရုတ်နိုင်ငံကကိုယ်စားပြုသူတွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကို လည်း အခု သီတင်းပတ်ထဲ မှာ လုပ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။
Ref:AFP
Feature Imag Credit: Philstar.com