ဖင်လန်နိုင်ငံက စာသင်ကျောင်း ပစ်ခတ်မှုမှာ  သံသယရှိသူ ကျောင်းသားကို ဖမ်းဆီထား

ဗန်တာ၊ ဧပြီ ၃

ဖင်လန်နိုင်ငံ ဗန်တာမြို့က ဗစ်တိုးရီးယားကျောင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အသက် ၁၂နှစ်အရွယ် ကျောင်းသား တစ်ယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်သူဟာ ဗစ်တိုးရီးယားကျောင်းက ကျောင်းသားလေး တစ်ယောက်ဖြစ်ပြီး ပစ်ခတ်ပြီး ထွက်ပြေးသွားပေမယ့်   မကြာခင်မှာ ဖင်လန်နိုင်ငံ မြို့တော် ဟယ်လဆင်ကီး မြောက်ဘက် ဆင်ခြေဖုံးတစ်နေရာမှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင် အများပြည်သူ ရုပ်သံလွှင့်ဌာန YLE က ထုတ်လွှင့်ခဲ့ပါတယ်။

ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ်ဟာ သေနတ်သမားကျောင်းသားလေးရဲ့ ဆွေမျိုးနီးစပ်တစ်ယောက်ရဲ့သေနတ်ဖြစ်ပြီး လိုင်စင်ရထားတဲ့ သေနတ်လို့  YLE သတင်းဌာနက ပြောပါတယ်။

ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရဲတပ်ဖွဲက သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်တော့  ကျောင်းသားတွေကို သူတို့ရဲ့  စာသင်ခန်းတွေထဲမှာပဲ ထိန်းသိမ်းထားခဲ့ပြီး အာဏာပိုင်တွေက အနီးတစ်ဝိုက်ရပ်ကွက်တွေ၊ လမ်တွေးထဲက လူတွေကို ခဏ အပြင်မထွက်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်တဲ့ ဗစ်တိုးရီးယား မူလတန်းကျောင်းဟာ မြို့တော် ဟယ်လဆင်ကီး  မြောက်ဘက် ၁၈ကီလိုမီတာ ( ၁၁မိုင်) အကွာမှာရှိပြီး  ပထမတန်းကနေ ၉ တန်းကြား ကျောင်းသား ၈၀၀ ခန့်နဲ့  ဝန်ထမ်း ၉၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဖင်လန်ဝန်ကြီးချုပ် ပက်တာရီ အော်ပိုက  “ပစ်ခတ်မှုဟာ အလွန်တုန်လှုပ်စရာကောင်းတယ်”လို့ ပြောပါတယ်။

ဖင်လန်နိုင်ငံဟာ အမဲလိုက်တဲ့ အစဉ်အလာကို နှစ်သက်ပြီး သူတိုတွေရဲ့ သေနတ်ကိုင်ဆောင်မှုနှုန်း ကလည်း  ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံတွေအထဲမှာ ပါတယ်လို့ သိရပါတယ်။

အရင်တုန်းကလည်း ၂၀၀၇ခုနှစ်မှာ ကျောင်းသူကျောင်းသား ရှစ်ယောက်အထိ သေဆုံးခဲ့ရတဲ့ ကျောင်းတွင်း ပစ်ခတ်မှု ဖြစ်ခဲ့ပြီးဖူးသလို  ၂၀၀၈ခုနှစ်မှာလည်း ၁၀ယောက်အထိသေဆုံး ခဲ့ရတဲ့ ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Ref:CNN

ပုံစာ။ ကျောင်းထဲမှာ လုံခြုံရေးယူထားပုံ

Feature Image Credit: Markku Ulander/Lehtikuva/Reuters

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *