ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲခဲ့သူများ အဖမ်းခံရကြောင်း နစက ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲမှုကျူးလွန်ခဲ့တဲ့ Brave Eagle အဖွဲ့ဝင်တွေကို ဖမ်းမိပြီလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။

ကျောက်တံတားမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၊ (၃)လွှာမှာ ရှိတဲ့ ကုမ္ပဏီများဆိုင်ရာအခွန်ဌာနရဲ့ အများပြည်သူထိုင်တဲ့ စတီးထိုင်ခုံတွေ ဘေးမှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အခွန်ဌာနက ဒုဦးစီးအပါအဝင် ဝန်ထမ်း ၅ ယောက် နဲ့ အရပ်သား တစ်ယောက် ဒဏ်ရာရရှိခဲ့ကြတာပါ။

ဖမ်းဆီးမိတဲ့ သူတွေကတော့ အဲဒီ ဖောက်ခွဲမှုကို ကျူးလွန် ခဲ့တဲ့ အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း၊ အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ) Mood ၊ဓနနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke ၊ကျော်စည်သူ(ခ)Jack ၊အောင်ခန့်ပိုင်(ခ)ဝီလီယံ တို့ ဖြစ်ပြီး အဝေးထိန်း ရီမုနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ နစက သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ ၅ ယောက် နဲ့ အတူ လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံး ကိုလည်းဖမ်းမိခဲ့တယ်လို့ နစက သတင်းက ဆိုပါတယ်။

ဖမ်းဆီးရမိ သူတွေရဲ့ ထွက်ဆိုချက်အရ Brave Eagle အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းထဲမှာ ဖောက်ခွဲမှု ၇ ကြိမ် လုပ်ခဲ့တဲ့ အကြောင်း ၊ NLD ပါတီဝင်ဟောင်း မျိုးရန်နောင်သိမ်း က ရန်ကုန်မြို့အတွင်းအကြမ်းဖက်လုပ်ငန်းတွေအတွက် လက်နက်ဝယ်နိုင်ဖို့ ငွေ သိန်း ၅၀ ကို ရရှိခဲ့တာကြောင့် ငွေတွေကို ပစ္စတိုသေနတ်ဝယ်ဖို့အတွက် ချမ်းငြိမ်းသူ(ခ)ပန်ဒါထံ ဆိုသူကို ပြန်လည် လွှဲပြောင်းပေးထားတယ်လို့ ပြောတဲ့အကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့ဟာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရံးကိုလည်း မိုင်းထောင်ဖောက်ခွဲဖို့ စီစဉ်ထားတယ်ဆိုတာကို ထုတ်ဖော်ပြောတဲ့အကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *