ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေရှိပါတယ်လို့ ဗီယက်နမ်ဗဟိုဘဏ်က ပြော

ဟနွိုင်း၊ ဇွန် ၇

၂၀၂၄ခုနှစ်ထဲမှာ  ပြည်တွင်းရွှေဈေးတွေ  သိသိသာသာ မြင့်တက်နေချိန်မှာ ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်ဖို့ အတွက် လုံလောက်တဲ့  လိုအပ်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေရှိနေပါတယ်လို့  ဗီယက်နမ်ဗဟိုဘဏ်က ဇွန်လ (၇)ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

“ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV) အနေနဲ့  စျေးကွက်တည်ငြိမ်စေဖို့ အစီအမံတွေကို တစ်ပြိုင်နက် အကောင်အထည်ဖော်နေပြီး ကနဦးရည်မှန်းချက်တွေကို ရထားပါပြီ” လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ကနေ သတ္တုတင်သွင်းမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဗီယက်နမ်မှာ ရွှေဟာ ရေပန်းစားနေတဲ့ ရင်းနှီးမြုပ်နှံမှုအတွက် ရွေးချယ်မှုတစ်ခုဖြစ်သလို  ကြွယ်ဝချမ်းသာမှုကို ပြသတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးဟာ အခုနှစ် ၂၀၂၄ခုနှစ် ပထမလေးလမှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မေလကုန်ကာလတုန်းကဆိုရင် နိုင်ငံတကာ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းစျေးနှုန်းတွေ ကျဆင်းစေပြီး ကွာဟချက်ကျဉ်းမြောင်းစေဖို့ ဗဟိုဘဏ်က က ရွှေလေလံပွဲကို ဧပြီလ ၂၃ ရက်ကနေ မေလ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ရွှေသတ္တု ၁ ဒသမ ၈ တန် ထုတ်ရောင်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ဇွန်လ ၃ရက်နေ့ကလည်း ဗဟိုဘဏ်ဟာ နိုင်ငံပိုင်ဘဏ်လေးခုကတစ်ဆင့် ဈေးကွက်ထဲကို ရွှေတွေ စရောင်းပေးနေတယ်လို့ သိရပါတယ်။

မေလလယ်တုန်းက  ပြည်တွင်းဈေးကွက်ပေါက်ဈေး ဒေါင်သန်း ၉၀ ဝန်းကျင် တက်သွားခဲ့ပေမယ့် ဒီနေ့ ဇွန် ၇ရက် သောကြာနေ့မှာတော့ ရွှေဈေးကို  ဒေါင် ၇၅.၉၈ သန်း (အမေရိကန်ဒေါ်လာ ၂၉၈၈ ဒသမ ၇၅) သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဈေးဟာ ၃၇ဒသမ၅ ဂရမ်( ၁ဒသမ၂၁ ထရွိုင်အောင်စ)ရှိတဲ့ ရွှေတုံးတစ်တုံးရဲ ဈေးဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ဗီယက်နမ်ဈေးကွက်ထဲက ရွေထည်များ

Feature Image Credit: REUTERS/Kham

Visited 46 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *