မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ရကက(၉)၊ပွေးတောင် နန္ဒဝန်ရပ်ကွက်၊ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း၊ရေဦး ဆီဆိုင်ရှေ့မှာ စက်တင်ဘာလ၅ရက်ညနေ၃နာရီခွဲကဆိုင်ကယ်နှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်းနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


“အဆင်းလမ်းဘက်မှာ အန်တီက လမ်းကူးပြီး ဆီဆိုင်ဝင်မလို့ထင်တယ် ကောင်လေးကလဲ ဘီးကြီးနဲ့ဆိုတော့အရှိန်ပါတယ်။ အန်တီက အတော်ထိတာ ကောင်လေးလည်း လမ်းဘေးလွင့်သွားတာ အရုပ်ကျနေတာဘဲ ကိုယ့် ရှေ့တင်ဖြစ်သွားတာ´´လို့ မျက်မြင်တွေ့သူပြည်သူတစ်ဦးကပြောပါတယ်။
ဆိုင်ကယ်နှစ်စီးတိုက်မိမှုဖြစ်ပွားရာကို သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး (ဘယ်လက်ကျိုး)နဲ့ အသက်(၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး (စိုးရိမ်ရ) တို့ကို လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။