ပုသိမ်ကြီးမြို့နယ်မှာ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းစားပါက လယ်ယာမြေလုပ်ပိုင်ခွင့် ရုပ်သိမ်းမည်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်မှာ လယ်ယာမြေများနှင့် ပုံစံ(၇)ရရှိပြီးလယ်ယာမြေများပေါ်မှာ မြေကွက်ဖော်ပြီးရောင်းစားတာ များလာတာကြောင့် မေလ၂၇ရက်က အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးကြော်ငြာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကြော်ငြာချက်မှာ “ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများနှင့် ပုံစံ(၇)ရရှိပြီး လယ်ယာမြေများ ပေါ်တွင် လယ်ယာမြေဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်မှုမရှိခြင်း၊ လယ်ယာမြေများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လှပ်ထားခြင်း၊ လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်းလျှောက်ထားသည့် နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေမှုများရှိနေခြင်း၊ လယ်ယာမြေများပေါ်တွင် မြေဖို့ခြင်း၊ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ် တိုင်စိုက်ထူ၍ ခြံစည်းရိုး ကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ခန်းများဆောက်လုပ်ခြင်းနှင့် တရားမဝင် မြေအရောင်းအဝယ်များ ပြုလုပ်နေခြင်းတို့အား စိစစ်တွေ့ရှိရတဲ့အတွက် ဥပဒေနှင့်ညီညွတ်မှုမရှိသော လုပ်ကိုင်ဆောင်ရွက်နေသူများအား စီမံခန့်ခွဲရေးနည်း လမ်းအရ အရေးယူဆောင်ရွက်ခြင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ အရ အမိန့်တစ်ရပ်ကို ဖြစ်စေ၊ အမိန့်တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်ခြင်း၊ လိုက်နာခြင်း မရှိပါက လယ်ယာမြေဥပဒေ ပုဒ်မ- ၂၀(က)အရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ-၁၇(ဃ)အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်းနှင့် လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်းများ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်´´လို့ ဖော်ပြပါရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *