မေလ၂၃ရက်မှာသမ်မာဆတ်နဲ့ဆန္ဒပြတပ်ပေါင်းစု (ယူအက်ဖ်တီဒီ)က ဦးဆောင်ကာ ပါလီမန်ရှေ့မှာ အမ်အက်ဖ်ပီပါတီခေါင်းဆောင် ပီတာ လင်မ်ဂျရိုယင်ရတ်ကို ဝန်ကြီးချုပ်တင်မြှောက်ရေးအတွက် အထက်လွှတ်တော်ကို ဖိအားပေး တောင်းဆိုဆန္ဒပြမယ်ဆိုတဲ့ သတင်းများပေါ်ထွက်လာတာကြောင့် ဝါရင့်အထက်လွှတ်တော်အမတ် ခွန်ယင်းပွန်းတစ်က မေ ၂၂က သူ့ရဲ့အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပီတာ့ကို သတိပေးလိုက်ပါတယ်။
မိမိအနေနဲ့ ရွေးကောက်ပွဲမတိုင်မီ အမ်အက်ဖ်ပီ ပါတီက လူထုရှေ့ကိုချပြခဲ့တဲ့ မူဝါဒလမ်းစဉ်တွေကို သဘောတူညီခဲ့ပေမယ့် ပါတီအနေနဲ့ မထိသင့်တဲ့အရာမှာ ဘုရင့်ထီးနန်းကိစ္စဖြစ်တယ်လို့ ခွန်ယင်းပွန်းတစ်က ထောက်ပြဝေဖန်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၀ပြည့်နှစ်က ထိုင်းနိုင်ငံ သမ်မားဆတ်တက္ကသိုလ် ရန်းဆစ်နယ်မြေမှာ ပြုလုပ်တဲ့ဆန္ဒပြပွဲမှာ တကသိုလ် ကောလိပ်ကျောင်းသား ကျောင်းသူအများစုပါဝင်တဲ့ဆန္ဒပြသူများက ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအပါအ ဝင် တောင်းဆိုချက် (၁၀)ချက်ပါတဲ့ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲ့ဒီတောင်းဆိုချက်တွေအပေါ်အခြေခံပြီး ပီတာရဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံကာ ပီတာ့ကို ဝန်ကြီးချုပ်အဖြစ်အာဏာလွှဲအပ်ဖို့ ဆန္ဒထုတ်ဖော်ကြမယ်လို့ကြားသိရပါတယ်။
ပီတာအနေနဲ့ ထိုင်းနိုင်ငံက နိုင်ငံရေး အစဉ်အလာအတိုင်းလိုက်နာရမယ့်အစား ဆန္ဒပြသူမျတွေ လူအင်အားကိုသုံးရန်ခွင့်မပြုသင့်ကြောင်း ဘုရင့် ဘက်တော်သားများရဲ့အင်အားကို လျှော့မတွက်သင့်ကြောင်း ခွန်ယင်းပွန်းတစ်က အင်စတာဂရမ်မှတစ်ဆင့် သတိပေးထားတာဖြစ်ပါ တယ်။
အသက် ၆၉နှစ်အရွယ် ခွန်ယင်းပွန်းတစ်ဟာထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး မှုခင်းဆရာဝန်ကြီးဖြစ်ပြီး အထက်လွှတ်တော်အမတ်အဖြစ် ၂၀၁၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
Ref: Bangkok Post