ပို့ မော်ရက်စဘီ၊ ဖေဖေါ်ဝါရီ ၁၉
သမုဒ္ဒရာကျွန်းစု နိုင်ငံဖြစ်တဲ့ ပါပူဝါ နယူးဂီနီရဲ့ ဝေးလံခေါင်သီတဲ့ ကုန်းမြင့်လမ်းတစ်လျှောက် သွေးစွန်းနေတဲ့ ရုပ်အလောင်းခြောက်ဆယ့်လေးလောင်းကို တွေ့ခဲ့ရတယ် လို့ ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီ ၁၉ရက်တနင်္လာနေ့မှာ ပြောပါတယ်။
သေဆုံးသူတွေဟာ တနင်္ဂနွေနေ့အစောပိုင်းမှာ ပြိုင်ဘက်အုပ်စုရဲ့ ခြုံခိုတိုက်ခိုက်တာ ကို ခံခဲ့ရတာ လို့ လူမျိုးစုရေးရာ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။
အခင်းဖြစ်ပွားရာဟာ မြို့တော် ပို့ မော်ရက်စဘီ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ ခန့်အကွာ ဝါဘက်မြို့ အနီးနေရာတစ်ခုမှာ လို့ သိရပါတယ်။
ကြမ်းတမ်းပြီး ဥပဒေမဲ့ဧရိယာ ဖြစ်နေတဲ့ အဲ့ဒီနေရာမှာ ပြိုင်ဘက်အုပ်စုတွေ ဖြစ်တဲ့ စီကင်၊ အမ်ဘူလင် နဲ့ ကေကင်း အပါ အဝင် အခြား မျိုးနွယ် အုပ်စုတွေကြားက တိုက်ခိုက်သတ်ဖြတ်မှုတွေလို့ သိရပါတယ်။
သွေးမခြောက်သေးတဲ့ အလောင်းတွေကို လမ်းဘေးမှာ တွေ့ရတာ ဖြစ်သလို ထရပ်ကားတစ်စီး နောက်ကျောဘက်မှာလည်း စုပုံနေတဲ့ အလောင်းတွေကို တွေ့ရသေးတယ်လို့ ရဲတပ်ဖွဲက ပြောပါတယ်။
အမျိုးသားတချို့ဟာ အဝတ်ဗလာ ဖြစ်နေပြီး တချို့တွေက ခြေလက်တွေ ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။
အနီးနားက ချိုင့်ဝှမ်းတွေမှာ သေနတ်သံတွေ ကြားနေရဆဲဖြစ်ပြီး ချံ့ပုတ်ထဲမှာလည်း အလောင်းတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲက ထပ်ပြောပါတယ်။
“ချုံပုတ်ထဲမှာ အလောင်းတချို့ ရှိနေသေးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဆိုပြီး ရဲတပ်ဖွဲ လက်ထောက်ကော်မ ရှင်နာ ဆမ်ဆွန်ကွာက ပြောပါတယ်။
မျိုးနွယ်စုတွေဟာ ပါပူဝါ နယူးဂီနိ ကုန်းမြင့်ဒေသတွေမှာ ရာစုနှစ်များကြာအောင် အချင်းချင်း တိုက်ခိုက်ခဲ့ကြပေမယ့် အခုလောက်အသေအပျောက်မများခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုကာလမှာတော့ ဘယ်ကရလာမှန်းမသိတဲ့ ခေတ်ပေါ်သေနတ်တွေ ဖြစ်တဲ့ SLR၊ AK-47၊ M4၊ AR-15 နဲ့ M16 ရိုင်ဖယ်တွေအပါအဝင် အိမ်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်နေကြတာမို့ ခုလောက်ထိ အသေအပျောက်တွေ များကုန်ကြရတာလို့ လည်း ပြောဆို ထောက်ပြခဲ့တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ အခင်းဖြစ်နေရာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲဝင်များ
Feature Image Credit: AFP



