
ဝီကီပီးဒီးယားဟာ "စော်ကားတဲ့အကြောင်းအရာ” တွေကို လက်ခံဖော်ပြနေတယ် ဆိုကာ ပါကစ္စတန် ပြန်ကြားရေးဌာနက ရက်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပုံ
Photo Credit: AFP/Kirill KUDRYAVTSEV)
အစ္စလာမဘတ်၊ ဖေဖေါ်ဝါရီ ၇
ပါကစ္စတန်ဝန်ကြီးချုပ် မိုဟာမက် ရှဘတ် ရှရီ့ဖ် ရဲ့ အမိန်တစ်စုံတရာနဲ့အတူ ပိတ်ထားတဲ့ ဝီကီပီးဒီးယား ကို ပြည်သူတွေ ပြန်အသုံးပြုနိုင်ပြီလို့ အစ္စလာမဘတ်က ထုတ်ပြန်တဲ့သတင်းတွေ ကနေ သိရပါတယ်။
“အာဏာပိုင်တွေကို စော်ကားသောအကြောင်းအရာ” တွေ ဖေါ်ပြခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြည့်ရှု လို့မရအောင် ပိတ်ပင်ထားတဲ့ တားမြစ်ပိတ်ပင်မှုကို ဖယ်ရှားဖို့ ပါကစ္စတန်အာဏာပိုင်တွေက ဖေဖေါ်ဝါရီ ၇ရက် မှာ ဆုံးဖြတ်ချက်အမိန်ချလိုက်တဲ့ သတင်းထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဝီကီပီးဒီးယားဟာ ပါကစ္စတန် ပြည်သူတွေဆီ ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
မွတ်စလင်အများစုနေထိုင်တဲ့ ပါကစ္စတန်ဟာ ထိလွယ်ရှလွယ် ပြဿနာတစ်ခု မဟုတ် တစ်ခု ရှိနေတတ်ပြီး Facebook နဲ့ YouTube တို့လည်း ပါကစ္စတန်က လက်မခံတဲ့ အကြောင်းအရာတချို့ လွှင့်တင်ခဲ့လို့ ပိတ်ပင်ခံ ခဲ့ရဖူးပါတယ်။
ပြန်ကြားရေးနှင့် အသံလွှင့်ဌာနဝန်ကြီး မစ်ရီယန် မောရင်ဇတ် က ဝဘ်ဆိုဒ် ပြန်ဖွင့်ခွင့် အမိန့်စာမိတ္တူကို တွစ်တာ မှာ ဖော်ပြခဲ့ပါတယ်။ အမိန်စာနဲ့တွဲပြီး “ဝဘ်ဆိုဒ် ကို ပြန်ဖွင့်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားလို့ ဝမ်းမြောက်မိ ပါ တယ်” ဆိုပြီးလည်း ရေး ထားပါတယ်။
ပါကစ္စတန် ပြန်ကြားရေးဌာနက ဝီကီပီးဒီးယားမှာ ဘယ်လို အကြောင်းအရာကို ဖော်ပြထားတယ်ဆိုတာကို ဖော်ပြတာမျိုးမရှိဘဲ မိမိတို့လက်မခံတဲ့ အကြောင်းအရာကို မဖယ်ရှားမပေးမချင်း ဝဘ်ဆိုဒ်ကို ပိတ်ထားမယ်လို့ ပြီးခဲ့တဲ့ စနေနေ့ (ဖေဖေါ်ဝါရီ ၄ရက်) နေ့က ပြောဆိုခဲ့ပါတယ်။ ဒီနေ့ အခြေအနေမှာ ကန့်ကွက်ထားတဲ့ ပို့စ်ကို ဝီကီ မှာ ပြန်ဖြုတ်သွား၊မသွား ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒီနေ့ ဖေဖေါ်ဝါရီ ၇ရက်မှာတော့ ဝဘ်ဆိုဒ် ပြန်ပွင့် သွားပြီလို့ သိရပါတယ်။
ဝီကီပီးဒီးယားရဲ့ တာဝန်ရှိသူတွေကလည်း “ပါကစ္စတန်ပြည်သူတွေဟာ ဝီကီကို အသိပညာအရင်းအမြစ် အဖြစ် နဲရော သူတို့ရဲ့ အသိပညာတွေကို တခြားသူတွေကို ဝေမျှဖို့ လမ်းကြောင်းတစ်ခုအနေနဲ့ပါ အားကိုးတာကို ကျနော် တို့ သိပါတယ်” လို့ ဆိုပါတယ်။ “ဒီတားမြစ်ချက်ကို ရုတ်သိမ်းလိုက်တာက ပါကစ္စတန်ပြည်သူတွေဟာ စိစစ်ပြီး ယုံကြည်စိတ်ချရတဲ့ အသိပညာတွေကို ပြန့်ပွားအောင်ကြိုးစားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ထဲမှာ ဆက်လက်ပါဝင်ပြီး အကျိုးအမြတ်တွေ ရနိုင်ပါလိမ့်မယ်” လို့လည်း ပြောဆိုလိုက်ပါတယ်။
Ref: CNA