ပါကစ္စတန်မှာ  နိုင်ငံရေး ပါတီတွေ တွေဆုံပွဲလုပ်နေတုန်း အသေခံ ဗုံးခွဲလို့  အနည်းဆုံး လူ ၄၄ ဦး သေဆုံး

ပတ်ရှဝါ၊ ဇူလိုင် ၃၀

ဇူလိုင် ၃၀ ရက်က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ အစ္စလာမ္မစ်ပါတီခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး ကျင်းပနေတဲ့ နိုင်ငံရေးပါတီပေါင်းစုံစုဝေးတဲ့ပွဲမှာ အသေခံဗုံးခွဲခံခဲ့ရတာမို့ အနည်းဆုံး လူ ၄၄ ယောက် သေဆုံးခဲ့တဲ့အပြင် အခြား ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့  တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်၊။

အာဖဂန်နယ်စပ်နားက ခါ ဆိုတဲ့ မြို့မှာ ရာနဲ့ချီတဲ့ လူတွေစုဝေးနေတုန်း ပေါက်ကွဲခဲ့တဲ့ ဗုံးခွဲမှုဟာ သြဇာကြီးတဲ့ အစိုးရညွန့် ပေါင်းအဖွဲ့ Jamiat Ulema-e-Islam-F (JUI-F) ပါတီကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဆောက်အဦက တစ်ဖက်မှာ ပြိုကျပြီး ထွက်ပြေးဖို့ အပြင်းအထန် ကြိုးစားနေတဲ့သူတွေ ပိတ်မိနေတယ်” လို့ ကူညီဖို့ ကြိုးစားခဲ့တဲ့ အဗဒူလာ ခန်း  က ပြောပါတယ်။

“လူရဲ့ အသား၊ ခြေလက်တွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေသလို အသက်မဲ့ ခန္ဓာကိုယ်တွေကလည်း မြင်မကောင်းအောင်ပါပဲ’’ ဆိုပြီး  လက်မောင်းကျိုးသွားတဲ့  အသက် ၂၄ နှစ်အရွယ် ပါတီထောက်ခံသူ  ဆာဒဗက် အူလာ က သူမြင်ခဲ့တာကို ပြန်ပြောပြပါတယ်။

ဆာဒဗက် အူလာ ကပဲ ထပ်ပြီး “ခြေလက်တွေ ဆုံးရှုံးသွားသူတစ်ယောက် လဲနေတာကို လည်းတွေ့ခဲ့ရတယ်။ လေထဲမှာ လူ့အသားနံ့တွေနဲ့ ပြည့်နေတယ်” လို့ AFP ကို  ဖုန်းနဲ့ ပြောခဲ့ပါတယ်။

ပြည်နယ်ရဲ့  ကျန်းမာရေးဝန်ကြီး  ရီဇတ် အန်ဝါ ကတော့ တနင်္ဂနွေနေ့နှောင်းပိုင်းအထိ လူ ၄၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“ဒါဟာ အသေခံ တိုက်ခိုက်မှုဖြစ်ပြီး ဗုံးခွဲသူက စင်မြင့်နားမှာ  သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာ” လို့ မျက်မြင်သက်သေ တွေက ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ လူ ၄၀၀လောက်စုဝေးနေတာလို့လည်း သိရပါတယ်။

အခုကာလဟာ  လာမယ့် အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက်  နိုင်ငံရေး ပါတီတွေ  မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ကာလလည်း ဖြစ်တယ်လို့ သိရပါတယ်၊

Ref: can

Photo Credit: PTI

Leave a Reply

Your email address will not be published. Required fields are marked *