ပယောဂဆရာ ဆိုသူ ရိုက်နှက်ကုသသည့် အမျိုးသမီး တစ်ဦး သေဆုံးမှု ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကိုယ်လက်ညောင်းညာကိုက်ခဲသည့် ဝေဒနာကို စတင်ခံစားရသူ အောင်ပန်းမြို့၊ ရပ်ကွက်(၃)နေ အသက် (၃၃)နှစ် အရွယ် မသီတာလင်း မှာ ဘုရားစင်ရှေ့တွင် ခြေထောက်ထိုးခြင်း၊ ဟိန်းဟောက် ကြိမ်းမောင်းခြင်း၊ ဆဲဆိုခြင်းစသည့်များ ပြုလုပ်နေသဖြင့် ပယောဂကပ်သည်ဟုထင်ကာ မိသားစုက အောင်ပန်းမြို့၊ ရပ်ကွက် (၃)နေ ပယောဂဆရာ အသက် (၅၀) နှစ်အရွယ် ဦးမြင့်သိန်းထံ သွားရောက်ပြသခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ဦးမြင့်သိန်းဆိုသူက အဆိုပါ အမျိုးသမီးအား ပါးရိုက်ခြင်း၊ ကြိမ်တုတ်၊ ရေထမ်းတံပိုးဖြင့် ဦးခေါင်းနှင့်ခန္ဓာကိုယ် နေရာ အနှံ့ ရိုက်နှက်ခြင်းများပြုလုပ်ရာ မလှုပ်နိုင်တော့ချိန် ဝင်နေသည့် “အပ(မကောင်းဆိုးရွား)”မထွက်ဟုဆိုကာနေအိမ်သို့ ပြန်လွှတ်လိုက်ကြောင်း သိရသည်။
၎င်းနောက် ရိုက်နှက်ခံရသောကြောင့် ခန္ဓာကိုယ် ညိုမဲဒဏ်ရာ၊ ဦးခေါင်းထိပ် ဖူးရောင်ဒဏ်ရာများဖြင့် အလွန်ပြင်းထန်စွာ ရရှိခဲ့သဖြင့် မိသားစုဝင်များက မသီတာလင်းအား ကလောဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ယင်းမှတစ်ဆင့် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။


ယခုအခါ အဆိုပါ ဖြစ်စဉ်ကြောင့် ပယောဂဆရာ ဆိုသူကို မိသားစုဝင်များက အမှုဖွင့် ထားကြောင်းလည်း သိရသည်။