ဝါရှင်တန်၊ မတ် ၃၁
ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အရင်ကာလတွေနည်းတူ ၂၀၂၃ ခုနှစ်မှာ လည်း တိုးတက်မှုနှုန်းဟာ ဆက်ပြီး ကျဆင်းနေဆဲဖြစ်ပြီး လာမယ့် ဘဏ္ဍာနှစ် စက်တင်ဘာလအထိ GDP ကလည်း ၃ ရာခိုင်နှုန်းအထိလောက် သာ တိုးလာဖို့ မျှော်လင့်ရတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့သောကြာ နေ့ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ဒေသတွင်း အစီရင်ခံစာတွေအရကျယ်ပြန့်လာတဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု့အပါအဝင် နိုင်ငံရေးနဲ့ လူမှုရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာ့ စီးပွားရေးဟာ ဆက်ပြီးနှောင့်နှေးနေလိမ့်ဦးမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ နောက်ထပ်သုံးသပ်ချက် တစ်ခုကတော့ ကိုဗစ်-၁၉ ကပ်ရောဂါခေတ်ရဲ့ အခြေနေဆိုးထဲက နေ ပြန်တက် လာပေမယ့်လည်း အရှေ့အာရှဒေသဟာ ၂၀၁၉ ခုနှစ်တုန်းကလို အဆင့်ရဲ့အောက်မှာပဲ ဆက်ရှိနေမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၃ ရာခိုင်နှုန်း ပြန်တိုးလာခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Ref: Reuters