နှစ်ရှည် ထောင်ကျနေသော ယခင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ဆေးကုသမှုခံယူနေရဟုဆို

အကျဉ်းကျနေသော ယခင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ဆေးကုသမှုခံယူနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ဦးဝင်းခိုင်သည် အသက် ၇၃ နှစ်အရွယ်ရှိပြီ ဖြစ်ကာ မန္တလေးဗဟိုအကျဉ်းထောင်၌ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသူလည်း ဖြစ်ပြီး နှလုံးကျန်းမာရေးမကောင်းသဖြင့် ဇွန်လ ၁၆ ရက်က မန္တလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ နီဒစပ်သူများက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို မလိုက်နာကြောင်း၊ တစ်တန်ဈေးနှုန်း တွက်ချက်သတ်မှတ်ရာ၌ ထုတ်လုပ်မှုပမာဏကို စာချုပ်ပါ တစ်ရက် ပုံမှန်ထုတ်လုပ် ပေးသွင်းနိုင်စွမ်းရှိသည့် တန်ချိန် ၂၀၀၀ ဖြင့် လျာထားတွက်ချက်မှုမပြုဘဲ တစ်ရက် တန်ချိန် ၁၇၅၀ ဖြင့် ထုတ်လုပ်မှု လျော့နည်းတွက်ချက်၍ တစ်တန်ဈေးနှုန်းတိုးမြှင့်တင်ပြခဲ့ကြောင်း၊ယင်းကြောင့် တစ်တန်လျှင် ငွေ ၅၈၀၉ ဒသမ ၁၂ ကျပ်နှုန်း ပိုမိုကုန်ကျခဲ့၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနမှဝယ်ယူခဲ့သည့် တန်ချိန် ၁၄ သိန်းကျော်အတွက် ငွေကျပ် ၈၂၀၀ သန်းကျော်နှင့် တစ်တန်ဈေးနှုန်းတွင် ကုမ္ပဏီမှပေးဆောင်ရမည့် ဝင်ငွေခွန်ကို ထည့်သွင်းတွက်ချက်ပေးခဲ့သဖြင့် ဝင်ငွေခွန် ငွေကျပ်သန်း ၁၂၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၉၄၀၀ ကျော် နစ်နာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဟုဆိုကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဦးဝင်းခိုင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုကိုရင်ဆိုင်ရကာ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံခဲ့ရသောကြောင့် ယခုအခါ မန္တလေး အိုးဘိုထောင်၌ အကျဉ်းကျခံနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *