နောင်ချိုနဲ့ပုသိမ်ကြီးမြို့နယ်တို့မှာ ကျပ်တစ်ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိ

  • ကားခေါင်မိုးအတွင်း သိုဝှက်သယ်ဆောင်လာတာဖြစ်
တရားခံကို ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးများ အတူတွေ့ရပုံ။
ဓါတ်ပုံ ။CJ

နောင်ချို၊ မတ် ၈

နောင်ချိုနဲ့ပုသိမ်ကြီးမြို့နယ်တို့မှာ မတ်လ၈ရက်နေ့ညနေပိုင်းက ကားခေါင်မိုးအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ၈ရက်နေ့ ညနေ၃နာရီ၄၅မိနစ်ကမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့၊ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မန္တလေး-လားရှိုးကားလမ်းမှ၏ ကွတ်ခိုင် ဘက်ကနေ မန္တလေးဘက်ကို ခိုင်ထူးမောင်းနှင်တဲ့ WISH မော်တော်ယာဉ်နဲ့ကောင်းစံ(ခ)ကောင်းကောင်း မောင်းနှင်တဲ့ Crownမော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ ယာဉ် ၂ စီးရဲ့ ခေါင်မိုးပေါ်ရှိအခင်းဖော့ပြားများအတွင်း သိုဝှက် သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းပြား ဖမ်းဆီးရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည နေ ၄ နာရီ၃၀မိနစ် ကပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်မှာ  စိုးနိုင် မောင်းနှင်လာတဲ့ IPSUMမော်တော်ယာဉ်ရဲ့ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်းမှ အလားတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းပြားကိုထပ်မံ ဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်းပြား ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရာမှာ ပူးပေါင်း ပါဝင်သူ ကျော်ဇင်ဝိုင်း(ခ)ကျော်ကျော်နဲ့ညနေ ၆ နာရီ၃၀မိနစ်မှာ ကွတ်ခိုင်မြို့၊နမ့်ခမ်း-မန်းကားဂိတ်မှူးမောင်စီချို(ခ)မော်စီတို့ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စိတ်ကြွရူးသွပ်ဆေးပြားတွေသယ်ဆောင်လာရာမှာ ပူးပေါင်းပါဝင်သူအားလုံးကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *