ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ခွဲ အချိန်တိုင်းထွာချက်များအရ သိရသည်။
အဆိုပါ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)သည် နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်း သောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်မည်ဟုလည်း အဆိုပါဦးစီးဌာနက ခန့်မှန်းထားသည်။


မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်က “JTWC က INVEST-93B ကို ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာကြောင်း(Tropical Cyclone(03B – THREE)ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။JTWC ခန့်မှန်းလမ်းကြောင်းကတော့ စစ်တွေအနီးက ဝင်မယ်။ လေတိုက်နှုန်းအများဆုံး 50 knots(တစ်နာရီ ၅၇ မိုင်)လို့ ထုတ်ပြန်လာတယ်။ ကုန်းတွင်းကို မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်နိုင်မဲ့အချိန်က ဇွန်လ ၁၀ ရက် နေ့လယ်၁၂ နာရီခွဲလို့ တွေ့ရပါတယ်။အိန္ဒိယမိုးလေဝသဌာနကတော့ အခုသိပ်မကြာခင်ကမှ လေဖိအားနည်းရပ်ဝန်းဖြစ်ကြောင်း ထုတ်လာတာတွေ့ရပါတယ် နောက် ၂၄ နာရီအတွင်း WELL-MARKED-LOW-PRESSURE-AREA ဖြစ်ပါမယ် တဲ့။အားမပြင်းတာကြောင့် သိပ်စိုးရိမ်စရာတော့ မရှိပါ၊ အရင်ရက်တွေ မိုးများထားတာကြောင့် အမိုးအကာတွေလဲလိုသလို ပြင်ဆင်ထားပြီးကြပြီလို့ မျှော်လင့်ပါတယ်”ဟု ရေးသားထားသည်။

