နိုင်ငံရေးကျားကွက်တွေ နောက်ကွယ်က ရှင်သန်ဆဲ သက်ဆင် ရှင်နာဝပ်ထရာ

အကျဉ်းကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ တစ်ယောက်  ဖေဖော်ဝါရီ ၁၈ ရက် တနင်္ဂနွေနေ့မှာ ပြန်လည်လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါက အများထင်ထားတဲ့ အဖြေတစ်ခုဆိုတော့ သိပ်ပြီး အံဩစရာတော့ ကောင်းမယ်လို့ မထင်ကြပါဘူး။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ကစားကွင်းထဲမှာ မစ္စတာသက်ဆင်တစ်ယောက် ကောင်းကောင်း ခြေစွမ်းပြနေတုန်းပဲလို့ ပြောရမှာ ကတော့ သေချာပါတယ်။  နိုင်ငံခြားတိုင်းပြည်မှာ ဆယ်စုနှစ်နဲ့ချီသွားနေနေရာက ၂၀၂၃ခုနှစ် ရွေးကောက်ပွဲအလွန်ကာလမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့တယ်။ သူကျောထောက်နောက်ခံပေးထားတဲ့ ပါတီလည်း ဖြစ် သူ့သမီးခေါင်းဆောင်နေတဲ ပါတီလည်း ဖြစ်တဲ့ ဖြူထိုင်းပါတီကနေ ထိုင်းအစိုးရဖွဲနိုင်ဖို့ သေချာသွားတဲ့ အချိန်မှာပဲ မစ္စတာ သက်ဆင်တစ်ယောက် ထိုင်းနိုင်ငံကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လာခဲ့တာကို ကြည့်ရင် တိုက်ဆိုင်မှု တစ်ခု မဟုတ်ဘူးဆိုတာ သေသေချာချာ တွက်ဆလို့ ရမှာဖြစ်ပါတယ်။

 ၂၀၂၃ရွေးကောက်ပွဲမှာ မဲ အရေအတွက်အများဆုံးနဲ့ ဝန်ကြီးချုပ်ရာထူး တစ်ပြေးနေတဲ့ ရှေ့သိုချီပါတီ  Move Forward Party (MFP)  ခေါင်းဆောင်ပီတ ကို လူတွေက အရမ်းကို အာရုံစိုက်နေတဲ့ အချိန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဖြူထိုင်းပါတီတို့ဟာ ထိုင်းနိုင်ငံရေး ကစားကွက်ကို အကွက်ကျကျ အချိန်ကိုက် ကစားပြလိုက်တာက နောက်ဆုံး ဖြူထိုင်းပါတီကပဲ ဝန်ကြီးချုပ်နေရာရခဲ့သလို ဂုရုကြီး သက်ဆင်တစ်ယောက်လည်း လွတ်လပ်တဲ့ သူတစ်ယောက် ပြန်ဖြစ်သွားခဲ့တဲ့ အထိ ရွေ့ခဲ့တဲ့ အကွက်တွေထဲမှာ တစ်ကယ်တော့ ပီတ ဟာ နယ်ရုပ်လေး တစ်ရုပ်အဖြစ်  မစ္စတာ သက်ဆင်ရဲ့ လှလှပပ ကစားကွက်ထဲမှာ အသုံးတော် ခံလိုက်ရတယ်ဆိုလည်း မမှား ဘူးလို့ ဆိုရမှာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ခုနှစ်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီး ၂၀၂၃ခုနှစ် ထိုင်း အထွေထွေရွေးကောက်ပွဲအလွန် ကာလမှာတော့ မိခင်နိုင်ငံကို ပြန်လာတော့မယ် ပေးတဲ့ အပြစ်ဒဏ်လည်း ခံပါ့မယ်လို့ ဆိုလိုက်တော့ ထိုင်းပြည်သူတွေ က အံ့ဩသွားမယ်ထင်ရင် မှာ ပါလိမ့်မယ်။ ဒါက သေသေချာချာ စီစဉ်ထားတဲ့ အစီအစဉ်တစ်ခုဆိုတာ အားလုံးရိပ်စားမိကြပါတယ်။

ဒီလိုနဲ့ ၂၀၂၃ ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီး အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲသုံးစားမှု စတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ရှစ်နှစ် ချမှတ်တာကို ‌အေးအေးဆေးဆေးခံခဲ့ပါတယ်။ စီရင်ချက် ချတဲ့နေမှာပဲ ကျန်းမာရေးဖောက်လာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ထဲ တောင် မရောက်လိုက်ဘဲ ရဲဆေးရုံကိုတန်း ရောက်သွားပါတယ်။ နောက်ထပ်လည်း သိပ်တောင် မစောင့်လိုက်ရပါဘူး  ရက်ပိုင်းအတွင်း ဘုရင် မဟာဝိဇယလောင်ကွန်းက ထောင်ဒဏ် ရှစ်နှစ်အစား တစ်နှစ် အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။

အခုလည်း လက်ရှိဝန်ကြီးချုပ် ဆရက်ထာ ထာဗီဆင်းက မစ္စတာသက်ဆင် လာမယ့် တနင်္ဂနွေမှာ ပြန်လွတ်လာပါမယ်ဆိုပြီး  ဖေဖေါ်ဝါရီ ၁၇ရက် စနေနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အသက် ၇၄ နှစ်ရှိနေတဲ့ မစ္စတာသက်ဆင် အသက်၇၀ ကျော်တဲ့ အရွယ်လည်း ဖြစ်သလို ကျန်မာရေးကလည်း မကောင်းသူမို့ သတ်မှတ်တဲ့ ပစ်ဒဏ် မပြည့်သေးခင် ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ တရားရေးဝန်ကြီးကပြောပါတယ်။

အခုဆိုရင်တော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်တစ်ယောက် ကျိန်းသေလွတ်တော့မှာ ဖြစ်ပါတယ်။အခုလိုမျိုး မျှော်လင့်ထားတာထက် စောပြီး လွတ်မြောက်လာပေမယ့်လည်း သူ့ရဲ့ အနာဂတ်ကို မှန်းဆလို့ သိပ်မလွယ်သေးပါဘူး။ နောက်တွက်ဆချက် တစ်ခုကလည်းထိုင်းနိုင်ငံရေးရဲ့ နောက်ကွယ်မှာ မစ္စတာ သက်ဆင်တစ်ယောက် ဆက်ရှိနေဦးမယ် ဆိုတာပဲ ဖြစ်ပါတယ်။

ထိုင်းမီဒီယာတွေက သူ့ကို မနက်ဖြန် မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဝန်ကြီးချုပ် ဆရက်ထာ ကိုယ်တိုင်ကတောင် အသေးစိတ်အချက်အလက်တွေကို မသိဘူးလို့ ပြောပါတယ်။

ထိုင်းအများစုကတော့ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံနေဆဲ ဖြစ်ပြီး သူ့ရဲ့ အိမ်ပြန်ချိန်ဟာ ဖြူးထိုင်းပါတီ အစိုးရပြန်ဖြစ်တဲ့ အချိန် တိုက်ဆိုင်နေတာကိုတော့ အထူးအဆန်းဖြစ်မနေကြပါဘူး။

 ပစ်ဒဏ်ချပြီးချင်း နာရီပိုင်းအတွင်း ကျန်မာရေး အကြောင်းပြချက်နဲ့ ရဲဆေးရုံသို့ ချက်ချင်း တန်းပို့လိုက်တာကလည်း ကြိုတင်ဇာတ်တိုက်ထားတာလို့ ဝေဖန်သူတွေလည်း ရှိသလို အခု ကုန်သွားတဲ့ ခြောက်လထဲမှာ မစ္စတာ သက်ဆင်တစ်ယောက် ဘယ်လိုဘယ်ပုံ ဖြတ်သန်းနေထိုင်ခဲ့သလဲဆိုတာကိုလည်း ဘယ်သူမှာ မသိရသေးဘဲ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေတုန်းပဲလို့ ပြောကြပါတယ်။

ဆေးရုံတင်ထားရချိန်မှာတော့  ရင်ဘတ်ဝေဒနာနဲ့  သွေးတိုးရောဂါကို ခံစားခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပြီး အဲ့ဒိကာလမှာပဲ  ခွဲစိတ်မှု နှစ်ကြိမ်လုပ်ခဲ့ရသေးတယ်လို့ သူ့ မိသားစုက ပြောပါတယ်။

ဘယ်လိုပဲ ဆိုနေပါစေ  နောက်ဆုံးမှာတော့အာဏာသိမ်းအဖြုတ်ချခံ ရပြီး တိုင်းတစ်ပါးကို ထွက်ပြေးခဲ့ရတဲ့ ဝန်ကြီချုပ်ဟောင်း သက်ဆင် တစ်ယောက် နောက်တစ်နေ့ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ ၁၈ရက် တနင်္ဂနွေနေ့ အရောက်မှာ‌တော့ ပစ်မှုပစ်ဒဏ်တွေ ကင်းစင်တဲ့ မစ္စတာ သက်ဆင်အဖြစ် တစ်ကျော့ ပြန်လာနိုင်ခဲ့ပြီလိုပဲ ပြောဆိုပြီး လူသားဆန်စွာ ကြိုဆိုကြရမှာပဲ ဖြစ်ပါတယ်။

ကိုးကား။ AFP, CNA, BANGKOK POST

Feature Image Credit: Reuters

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *