ကာဒူမာ(နိုက်ဂျီးရီးယား)၊ မတ် ၂၄
အခုလအစောပိုင်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသူလေး ၃၀၀ နီးပါးကို ပြန်ပေးသမားတွေက ပြန်လွှတ်ပေးခဲ့ကြောင်း ကာဒူမာ ပြည်နယ် အုပ်ချုပ်ရေးမှူးက မတ် ၂၄ရက် တနင်္ဂနွေနေ့က X (twitter) မှာ ပို့စ်တင်ထားတာ တွေ့ရပါတယ်။
“ပြန်ပေးဆွဲခံရတဲ့ ကျောင်းက ကလေးတွေကို ထိခိုက်မှုမရှိဘဲ လွှတ်ပေးပါတယ်” လို့ အုပ်ချုပ်ရေးမှူး အူဘာ ဆနီက တင်ခဲ့တာပါ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
အူဘာ ဆနီကပဲ “ကလေးငယ်တွေ ဘေးကင်းကင်း ပြန်လာနိုင်ရေး သေချာစေဖို့ ကျွန်တော်တို့နဲ့ အတူ နာရီများစွာ လက်တွဲ လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တီနူဘူ ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးထားပါတယ်။
မတ်လ ၇ ရက်က နိုက်ဂျီးရီယားနိုင်ငံ ချီကွန်ခရိုင်က ကူရီဂါရွာမှာရှိတဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းကို လက်နက်ကိုင်ဓားပြတွေကက မော်တော်ဆိုင်ကယ်တွေနဲ့ ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဖမ်းခေါ်ဆောင်သွားခဲ့တာ လို့ ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မန်ဆာ ဟတ်ဆန်က CNN ကို ပြောပါတယ်။
သေနတ်သမားတွေက ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်ပေးငွေ နိုက်ဂျီးရီးယားငွေ တစ် ဘီလီယံ (ဒေါ်လာ ၆၂၀,၀၀၀) ကို တောင်းဆိုခဲ့သလို တောင်းဆိုချက်တွေကို မလိုက်လျောပါက ကျောင်းသူအားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။
ဒီနေ့အချိန်မှာ ကလေးတွေ ပြန်လွတ်လာပြီလို့ဆိုပေမယ့် ဘယ်လိုဘယ်ပုံ လွတ်လာတယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြောတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ ကျောင်းသူလေးတွေ ပြန်ပေးဆွဲခံရတဲ့ ကျောင်းစာသင်ခန်းတစ်ခုကို တွေ့ရပုံ
Feature Image Credit: Haidar Umar/AFP/Getty Images/File



