၁၉၆၀မှာ ပြင်သစ်ကလွတ်လပ်ရေးရခဲ့တဲ့ နိုင်ဂျာနိုင်ငံ နီယာမေးမြို့တော်မှာ ဇူလိုင်၂၆မနက်ပိုင်းက စစ်အာဏာသိမ်းမှုဖြစ်ပွါးတယ်။
သမ္မတရဲ့အထူးတပ်ဖွဲ့ကတပ်မှူး ဗိုလ်ချုပ် အိုမာချီယာနီရဲ့အမာခံလက်ရုံးတပ်ဖွဲ့ဝင်တွေက အသက် ၆၄နှစ်အရွယ် သမ္မတ မိုဟာမက်ဘာဇွမ်ကို သူ့မိသားစုနဲ့အတူ သမ္မတအိမ်တော်ထဲမှာ ထိန်းသိမ်းလိုက်ကြတယ်။ သူ့သမီးတွေကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကိုရောက်နေလို့ လွတ်သွားကြတယ်။
ပြည်ထဲရေးဝန်ကြီးကိုလည်း သမ္မတအိမ်တော်ထဲမှာပဲ ဖမ်းထားလိုက်ကြတယ်။အာဏာသိမ်းတာသိလို့ သမ္မတကိုအားပေးထောက်ခံသူအရပ်သား ၄၀၀လောက် အိမ်တော်ဖက်ချီတက်လာကြတယ်။ အာဏာသိမ်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေပစ်ဖောက်ပြီးလူစုခွဲလိုက်ရာက တစ်ဦးဒဏ်ရာရတယ်။ ပြီးတော့ အာဏာသိမ်းတဲ့အုပ်စုနဲ့ စစ်တပ်ပေါင်းမိသွားရာကနေ ညနေပိုင်းမှာ လေတပ်ဗိုလ်မှူးချုပ်အမာဒူအက်ဘ်ဒရာမာနေက သမ္မတ ကို ဖယ်ရှားလိုက်ပြီး ဌာနေကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကောင်စီဖွဲ့စည်းလိုက်ကြောင်း အစိုးရရုပ်မြင်သံကြားဌာနကတစ်ဆင့် ကြေညာလိုက်တယ်။
ဇူလိုင်၂၇မှာ အာဏာရပါတီရဲ့ရုံးချုပ်ကို စစ်အာဏာသိမ်းမှုထောက်ခံတဲ့အရပ်သားတွေက မီးရှို့ဖျက်ဆီးကြတယ်။ ပြင်သစ်၊အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေအော်ဟစ်ပြီး ရုရှားအလံတွေ ဝှေ့ရမ်းလွှင့်ထူခဲ့ကြတာက ထူးခြားနေခဲ့တယ်။
ထိန်းသိမ်းထားတဲ့သမ္မတကို လွှတ်ပေးဖို့ကုလသမဂဓအတွင်းရေးမှူးချုပ်အပါအဝင်နိုင်ငံတကာက ခေါင်းဆောင်တွေက အာဏာသိမ်းစစ်တပ်ကိုတောင်းဆိုခဲ့ကြတယ်။
ရုရှားအခြေစိုက် ဝပ်ဂနာကြေးစားတပ်ဖွဲ့ဝင်တွေ နီယာမေးမြို့တော်မှာရှိနေကြတယ်။ ဒီအာဏာသိမ်းမှုမှာ ရုရှားပါဝင်ပတ်သက်မှုရှိနိုင်တယ်လိုံ့ အမေရိကန်သတင်းမီဒီယာအချို့က ဖော်ပြတယ်။ ရုရှားဖက်ကငြင်းဆိုတဲ့အပြင် နိုင်ဂျာမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားစေလိုတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က တိုက်တွန်းပြောဆိုတယ်။
ဇူလိုင် ၂၈မှာ ဖယ်ရှားခံရတဲ့သမ္မတ မိုဟာမက်ဘာဇွမ်ကျန်းကျန်းမာမာရှိနေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ထုတ်ဖော်ပြောကြားတယ်။ နောက်ဆက်တွဲအခြေအနေကတော့ မငြိမ်သက်သေးဘဲ ရှုတ်ထွေးနေဆဲလို့ဆိုတယ်။
Ref: BBC