
Photo Credit: Visual China Group via Getty Images
ဟောင်ကောင်၊ ဇူလိုင် ၅
ကမ္ဘာတစ်လွှား အောင်မြင်ထင်ရှားခဲ့တဲ့ ဟောင်ကောင်ဖွား အဆိုတော် ကိုးကိုလီ အသက်၄၈နှစ်ဟာ ဇူလိုင် ၅ ရက် ဗုဒ္ဓဟူးနေ့ က ဟောင်ကောင် ကွင်းမယ်ရီ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကိုးကိုလီဟာ အောင်မြင်တဲ့ သီချင်းအယ်လ်ဘမ်တွေ ထုတ်လုပ်သီဆို ခဲ့တာတွေအပါအဝင် နာမည်ကြီးရုပ်မြင်သံကြား ရှိုး တွေ တင်ဆက်ခဲ့သူဖြစ်ပါတယ်။သူ ကွယ်လွန်သွားတဲ့ အကြောင်းကိုတော့ သူ့ရဲ့ ညီအစ်မတွေက လူမှုမီဒီယာမှာ တရားဝင် အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။ လီဟာ စိတ်ကျဝေဒနာ ခံစားနေရသူဖြစ်ပြီး သူ့ကိုယ်သူ သေကြောင်းကြံရာကနေ ဆေးရုံ တက်ခဲ့ရပြီး သေဆုံးခဲ့ရတာလို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။
လီ့ကို ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး အမေရိကန်မှာ ကြီးပြင်းခဲ့တာပါ။ အထက်တန်းကျောင်းပြီးတဲ့နောက်တော့ မွေးရပ် ဇာတိ ဟောင်ကောင်ကို အလည်အပတ်ရောက်တုန်းသီချင်းဆိုပြိုင်ပွဲတစ်ခု ဝင်ပြိုင်ရာက ပထမရခဲ့ ပြီးတဲ့နောက်တော့ သူ့ရဲ့ ဂီတအသက်မွေးဝမ်းကြောင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေ တောက်လျှောက် အယ်လ်ဘမ် သန်းချီရောင်းရခဲ့ပြီး၊ အင်္ဂလိပ်၊ မန်ဒရင်း၊ကန်တုံဘာသာစကား တွေ နဲ့ သီဆိုခဲ့တဲ့ တေးသီချင်းတွေကြောင့် အာရှတလွှား အောင်မြင်မှုရရှိခဲ့သူပါ။
၁၉၉၈ ခုနှစ်က ထွက်ခဲ့တဲ့ ဒစ္စနေးကထုတ်လုပ်တဲ့ အန်နီမေးရှင်းဇာတ်ကား“Mulan” ရဲ့ Mandarin ဗားရှင်းမှာ အသံသရုပ် ဆောင်ပေးဖို့ ငှားရမ်းခံရလောက်အောင်အထိ ထင်ရှားကျော်ကြားခဲ့ပါတယ်။
သူ့ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေက Yesterday’s Love (1996)၊ Before I Fall in Love(1998)၊ Di Da Di (1998)၊ True Lover, You & Me ( 2000)၊ Just Want You·(2006)၊ Every Moments of Love (2016) စတာတွေ ဖြစ်ပြီး တခြား အောင်မြင် ခဲ့တဲ့ တေးသီချင်းများစွာလည်း ရှိနေပါသေးတယ်။
သူသေဆုံးတဲ့ သတင်းဟာ ပရိသတ်တွေကို တုန်လှုပ်ခြောက်ခြား ဝမ်းနည်းကြေကွဲစေခဲ့ပြီး Instagram ပေါ်မှာ ဝမ်းနည်း ကြောင်း မက်ဆေ့ချ်တွေနဲ့အတူ အခြားဟောင်ကောင်အနုပညာရှင်တွေအပြင် ကမ္ဘာတလွှားက ရေးခဲ့ကြပါတယ်။ အလား တူ လီ ကွယ်လွန်တဲ့အကြောင်းအရာကိုတရုတ်လူမှုရေးမီဒီယာ Weibo မှာနှစ်ရက်အတွင်း ကြည့်ရှုသူက ၁.၄ ဘီလီယံနီးပါးထိ ရှိနေပြီလို့လည်း သိရပါတယ်။
Ref: CNN
Feature Image Photo Credit: Ken Hively/Los Angeles Times/Getty