ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံပြောကြားခဲ့သည့်အကြောင်းအရာများကို နစကဘက်က ထုတ်လွှင့်ပေးသင့်ဟု နိုင်ငံရေးသုံးသပ်သူများက မြန်မာ့ မိုးသောက်ကို သီးသန့်ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာမှုရှိကြောင်း အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်နဲ့ တွေ့တယ်ဆိုရင်လည်း နစက အနေနဲ့ မှတ်တမ်းကတော့ ရှိမှာပဲလေ။ဒါကို ထုတ်ပြသင့်တယ် ဘာပဲ ဖြစ်ဖြစ်၊ဘယ်လိုတွေပဲ ဖြစ်နေဖြစ်နေ အပြင်လောကမှာက ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ထိ ပြည်သူလူထုအများစုက သူတို့ရဲ့ ခေါင်းထဲမှာ တကယ့်ကို Idol ကြီးဖြစ်တုန်းဆိုတာကို လက်ခံရမယ်။နစက အနေနဲ့ပေါ့။ဒါကြောင့် သူ့ရဲ့ သဘောထားကိုသာ ပြည်သူက သိရမယ်ဆိုရင် ကောင်းတယ်။ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းပေါ့ ပြောပြသင့်တယ် ။ဒါက ဘာမှ ထိန်ချန်ထားစရာမရှိပါဘူး။ကောင်းတဲ့အချက်အလက်ဆိုရင်ပေါ့” ဟု အမည်မဖော်လိုသော နာမည်ကြီး နိုင်ငံရေးသမားတစ်ဦးက မြန်မာ့မိုးသောက်ကို ပြောသည်။
ဂျပန်သတင်းဌာန ကျိုဒို ၏ ဖော်ပြချက်တွင် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေဖြင့် NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို ထောက်လည်းမထောက်ခံ၊အသိအမှတ်လည်းမပြု ဟု ပြောကြားခဲ့ကြောင်း နှင့် ၎င်းအနေဖြင့် နိုင်ငံတွင်း ပျံ့နှံ့နေသော အကျပ်အတည်းကို အဆုံးသတ်ရန် “ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးပွဲများကို ထောက်ခံမည်” ဟု ပြောကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင် က ထုတ်ဖော်ပြောဆိုထားသည်ဟု ပါရှိသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင် သည် ဇူလိုင်လ ၉ ရက်တွင် စစ်လေယာဉ်ဖြင့် နေပြည်တော်သို့ ရုတ်တရက် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး