အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန် တို့ရဲ့ ဆက်ဆံရေးက ကမ္ဘာကြီး ကို အမှတ်တရ ဖြစ်စေခဲ့တယ်လို့ပဲ ဆိုရလိမ့်မယ်လို့ အရှေ့အာရှနိုင်ငံရေး လေ့လာသူတစ်ယောက်က ပြောလိုက်ပါတယ်။
လာမယ့် နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် တစ်ယောက် အနိုင်ရသွားတယ်ဆိုပြီး မြင်ယောင်ကြည့် လိုက်ပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နဲ့ ဒေါ်နယ် ထရမ့်တို့ ကြားက မပြီးသေးတဲ့ ပန်ချီကားတစ်ချပ်ကို အားလုံး ပြန်ပြီး ပြေးမြင်ကြမှာ မလွဲပါဘူး။
ဒေါ်နယ် ထရမ့် နဲ့ ကင်မ်ဂျုံအွန်တို့ရဲ့ တွေ့ဆုံမှုဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းထဲမှာ အတော့်ကိုထူးခြားတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး သူတို့နှစ်ယောက် ကြားနိုင်ငံ တစ်ခု ဖြစ်တဲ့ စင်ကာပူမှာ ထူးထူးခြားခြား တွေ့ဆုံခဲ့ကြတယ်။ ဒါက ပထမဆုံးတွေ့ ဆုံမှုပေါ့။
နောက်တော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ဒုတိယအကြိမ်ထပ်တွေ့ကြပြန်တယ်။ စစ်မဲ့ဇုန် (DMZ) မှာ လမ်းလျှောက်ပြီး နှစ် ယောက်သား လက်ဆွဲနုတ်ဆက်လိုက်ကြတဲ့ အချိန်ဟာ ကမ္ဘာကြီးတစ်ခုလုံး မင်တက်မိ သွားလောက်အောင်ကို ထူးခြားတဲ့ အခင်းအကျင်းတစ်ခု ဖြစ်သွားခဲ့တယ်။
ဒိနောက်တော့ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားစမ်းသပ်မှုကို ဆိုင်းငံ့ထားလိုက်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်အချိန် ထရမ့်က ဂျိုး ဘိုင်ဒန်ကို မရှုံးခင်မှာပဲ ကင်မ်ဂျုံအွန် တစ်ယောက်တော့ ထရမ့်ဆိုတဲ့ သူကို သတိတွေ ရနေတာ့မှာပဲ ဆိုပြီး ပြောခဲ့ပါသေးတယ်။ ထရမ့် ပြောခဲ့တဲ့ အတိုင်းပါပဲ ထရမ့် ဖန်တီးထားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ အမေ ရိကန် သံတမန်ရေးက ဂျုး ဘိုင်ဒန် တက်လာချိန်မှာတော့ ဆက်ဆံရေးအသစ်တွေ ထပိရှိမလာတော့ဘဲ လုံ့လုံးကို ရပ်တန့် သွားခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကလည်း တခြား မိတ်ဆွေနိုင်ငံတွေဘက်ကို မျက်နှာလှည့်သွားပါတော့တယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လ အရောက်မှာတော့ မြောက်ကိုရီးယားနဲ့ တရုတ်တို့ ၁၉၆၁ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန်ကူညီရေးစာချုပ်ကို နောက်ထပ် အနှစ် ၂၀သက်တမ်းတိုးလိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေခဲ့ တယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ယူကရိန်းကိုကျူးကျော် ပြီးတဲ့နောက် ခဲယမ်းလက်နက် လို့အပ်ချက်အရ မြောက်ကို ရီးယားက ကင်မ် ဆီကို လှမ်းပြီး အကူအညီ တောင်းတဲ့ အထိဖြစ်လာတယ်။ကင်မ် ကလည်း သူ့စစ်တပ်အတွက် နည်းပညာ သစ်တွေ ရဖို့ ပူတင်ဆီက မျှော်လင့်ချက်ပြန်ထားခဲ့တယ်။
ဆိုခဲ့သလို တရုတ်၊ ရုရှားနှစ်နိုင်ငံနဲ့အဆင်ပြေအောင် ပူးလုံးလိုက်တဲ့ မြောက်ကိုရီးယားရဲ့ အကျိုးအမြတ်ကတော့ နျူကလီး ယားနဲ့ ဒုံးကျည်အစီအစဉ်တွေအတွက် အဆင့်မြင့် နည်းပညာတချို ရလိုက်တယ် ဆိုတဲ့ သတင်းက ကျယ်ကျယ် လောင် လောင် ထွက်လာခဲ့ပါတယ်။
ဆက်ရရင် အိမ်ဖြူတော်ကို ထရမ့်ပြန်လာခဲ့မယ်ဆိုရင် ကင်မ်အတွက် အကျိုးများနိုင်တယ်လို့ ကျွမ်းကျင်သူ တွေက တွက် ဆကြတယ်။ ဒါတင်မက ထရမ်ဟာ မဟာမိတ်အဖွဲ့မှာ ပိုမိုပါဝင်ကူညီဖို့ တောင်ကိုရီးယားကို ပိုဖိအားပေးမယ့် အလား အလာ ရှိနေပြီး ဒေသတွင်းက အမေရိကန်စစ်တပ်ရဲ့ အင်အားချိန်ခွင်လျှာကို လျှော့ချ ပစ်တဲ့ အထိလည်း ဖြစ်လာနိုင်ပါသေး တယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်ဟာ ဘိုင်ဒန်လက်ထက်မှာ ပျက်ကွက်ခဲ့တဲ့ မြောက်ကိုရီးယားမူဝါဒအပေါ် အောင်မြင်မှုရဖို့ ကင်မ်နဲ့ ပုဂ္ဂိုလ်ရေးသံတမန်ဆက်ဆံရေး ပြန်ပြီး အသက်သွင်းတာမျိုးလည်း လုပ်လာနိုင်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိ တောင်ကိုရီးယားသမ္မတရဲ့ မြောက်ကိုရီးယားသဘောထားက အရင် လစ်ဘရယ်သမ္မတ မွန်ဂျေ အင် လို မဟုတ်ပြန်တော့ ထရမ့်အနေနဲ့ မြစ်နှစ်ခုကို ရေနှစ်ခါ ချိုးလို့မရတဲ့ ကိန်းလည်း ဆိုက်နိုင်ပါသေး တယ်။
ကင်မ်နဲ့ ထရမ့် တို့ရဲ့ သံတမန်ရေးအောင်မြင်မှုတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အစပျိုးမှုနဲ့ သံတမန်ရေးလမ်းကြောင်း ကနေပြီး တစ်ဆင့် တောင်ကိုရီးယား၊ အမေရိကန်နဲ့ မြောက်ကိုရီးယား သုံးပွင့်ဆိုင် ဆက်ဆံရေး တိုးတက်ကောင်း မွန် လာစေဖို့ မွန် က စဉ်ဆက်မပြတ်ကြိုးစားခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။
မရေမရာတဲ့ ၂၀၁၈ စင်္ကာပူကြေညာစာတမ်းမှာ နျူကလီးယားသံတမန်ရေးဆိုင်ရာ ကွဲပြားချက်တွေကို ပေါင်းကူး ဖို့ ရုန်း ကန် နေရချိန်မှာ သမ္မတမွန်တစ်ယောက် ထရမ့်-ကင်မ် ပုဂ္ဂိုလ်ရေးသံတမန်ဆက်ဆံရေးမှာလည်း ပါဝင်ခဲ့ ပါသေးတယ်။
တောင်ကိုရီးယား ခေါင်းဆောင် မွန်ဂျေအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကမ်တို့ နှစ်ယောက် မြောက်ကိုရီးယား နယ်စပ်က ပန်မွန်ဂျုံမှာ သမိုင်းဝင်တွေ့ဆုံခဲ့ကြပါတယ်။
၂၀၁၉ မှာတော့ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီး ကင်မ်နဲ့ ထရမ့်တို့ရဲ ဇာတ်လမ်းက ပြန်ပြီး တိတ်တိတ် ဆိတ်ဆိတ် ဖြစ်သွားခဲ့တယ်။
သမ္မတမွန်းက သမ္မတ ဘိုင်ဒန် ရွေးကောက်ခံရပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းဖို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် ကင်မ်က ခပ်ရှောင်ရှောင် နေခဲ့ပါတယ်။
အခုအချိန်မှာ ရုရှားနဲ့တရုတ်တို့ရဲ့ အခိုင်အမာ ထောက်ခံမှုတွေကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အနေနဲ့ သံတမန်ရေးအရ ကန့်သတ်တားမြစ်နိုင်ဖို့ လမ်းမမြင် သေးပါဘူး။ ပြောနိုင်တာက မြောက်ကိုရီးယားဟာ ထရမ်နဲ့ ထိတွေနေတဲ့ ကာလကထက် လက်ရှိသမ္မတ ဘိုင်ဒန် လက်ထက် မှာ လက်နက်စွမ်းအင် ပိုတောင့်တင်းလာတာကတော့ ငြင်းလိုမရတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
မူရင်းဆောင်းပါး “Should Trump win the US presidential election again, will Kim Jong Un pick up the phone?” (CAN) ကို ဆီလျော်အောင် ပြန်ဆိုထားတာ ဖြစ်ပါတယ်။
photo Credit : AP Photo/Susan Walsh



