ထောင်နှင့်ချီသည့် အွန်လိုင်းလောင်းကစားသမားများအား တရုတ်ဘက်သို့ မြန်မာက ဖမ်းလွှဲနေချိန် တရုတ်သတင်းဌာန မြန်မာရောက်လာ

စိတ်အလွန်ပူပန်နေသောတရုတ်သတင်းဌာနကို“ ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား”“ “ဝ”နဲ့ မိုင်းလားဒေသဟာ ကျွန်တော်တို့အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိ၊တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်”ဟု မြန်မာက တုန့်ပြန်မေးခွန်းပြန်ထုတ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာသို့ လာရောက်ပြီး တာဝန်ရှိသူအချို့နှင့် တွေ့ဆုံ မေးမြန်းမှုအကျဉ်းချုပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

Phoenix Media – အခုလိုလာရောက်ဖြေကြားတဲ့အတွက် ကျေးဇူး တင်ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်း – အခုလိုလာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံမှ မီဒီယာများထဲမှ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရတဲ့မီဒီယာလို့ မှတ်မိနေပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့အချိန်မှာ Interview ရိုက်ကူးခဲ့တာဖြစ်လို့ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုသိရဖို့ လာရောက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မေး။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လိမ်လည်မှုတွေကို ဘယ်အချိန်မှာ စတင်သိခဲ့ပါသလဲ။

ဖြေ။ ၂၀၂၀ – ၂၀၂၁ မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ – ၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာတွေ့ရပါတယ်။ အဲဒီလောင်းကစားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လုပ်နေပြီဆိုတဲ့ သတင်းရရှိခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒအရ ဆောက်ခဲ့တာဆိုပြီး ဝါဒဖြန့်ခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့လို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရွှေကုက္ကိုလ်စီမံကိန်းကို တည်ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၂၁ – ၂၀၂၂ အကူးမှာမှ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လောင်းကစားမှုတွေ လုပ်နေပြီဆိုတာ သိခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၂ ခုနှစ်ကစပြီး ခြေရာခံ၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ်ဘက်တင်မကဘဲ မြန်မာဘက်ကိုပါ ပစ်မှတ်ထားလုပ်ဆောင်တာကိုလည်း တွေ့ပါတယ်။ Online မှာလုပ်တာဆိုတော့ ထင်ရှားတာမရှိဘဲ အနေချောင်နိုင်ငံ၊ ချောင်တဲ့နေရာမှာ လုပ်တာလည်း ဖြစ်ပါတယ်။

မေး။ Online လောင်းကစားမှုတွေ လုပ်ဆောင်နေတာကို သိသိချင်း ဘယ်လိုစီမံမှုတွေ ပြုလုပ်ခဲ့ပါသလဲ။ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား။

ဖြေ ။ မြန်မာနိုင်ငံဘက်ကတော့ ဆိုရှယ်မီဒီယာကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာမှသာ နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေး။ Online ပေါ်မှာ သိတဲ့တစ်ယောက်က သူထိန်းချုပ်ခံရတယ်လို့ လူကြီးတွေကို သိအောင်ပြောပေးပါဆိုပြီး ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်မှုများကို ပြောပေးပါ။ ဖမ်းဆီးခဲ့တာ ဘယ်လောက်သိမ်းဆည်းရမိခဲ့ပါသလဲ။ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဘယ်နှဦး ပါပါသလဲ။

ဖြေ။ ဖမ်းဆီးရမိခဲ့တာတော့ တစ်ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာ ဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်မှာတွေကို ပြောပြပါမယ်။ နံပါတ်တစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောင့်လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်းမျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ Online လောင်းကစား လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ Online လိမ်လည်မှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။

မေး။ ယခုအချိန် Online လိမ်ညာနေတဲ့အဖွဲ့ ဘယ်နှဖွဲ့လောက် ဖမ်းဆီးထားလဲ။ တရုတ်နိုင်ငံက ထိခိုက်သူတွေအပေါ်ကို ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။

ဖြေ။ “ဝ”နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသများ ဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ ကျွန်တော်တို့အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီးရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။

မေး။ အခုထပ်ပြီး ဘယ်နှနေရာရှိပါသလဲ။ နှိမ်နင်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာကို တရုတ်ပြည်သူတွေက အရေးတကြီး သိချင်နေပါတယ်။

ဖြေ။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် လာရောက်ချိန်မှာ ဒီနှစ်အကုန် အမြစ်ပြတ်ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မေး။ အများဆုံး ဖမ်းဆီးရမိတဲ့ ဖူအာမြို့ဘက်က ရဲတွေက ၂၃၀၀ ကျော်ဖမ်းဆီးရမိပြီး လူတစ်ရာကျော်က ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အစိုးရက ပါဝင်ပတ်သက်ခဲ့ပါသလား။ ဘယ်လိုနှိမ်နင်းခဲ့ပါသလဲ။

ဖြေ။ “ဝ”နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူးဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှမရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ်စကားပြောတတ်သူသာများပြီး မြန်မာစကားပြောတတ်သူ ရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီအခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။

မေး။ ဒီမှာရှိနေတဲ့ လိမ်ညာမှုတွေထဲမှာ တိုင်းရင်းသား အကြမ်းဖက်တွေရော ပါလား။ သူတို့ထောက်ခံအားပေးတဲ့သူတွေ ပါလား။ မြန်မာအစိုးရရောပါလား။

ဖြေ။ “ဝ”နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်ကဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေနဲ့ ဝင်ရောက်ခြင်းမပြုတာ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား။ အရင်က “ဝ”နဲ့ မိုင်းလားဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးခဲ့တာကြောင့် ၁၉၉၀-၁၉၉၁ ခုနှစ်မှာ အမေရိကန်က “ဝ”ခေါင်းဆောင်တွေ အားလုံးနီးပါးကို DEA ရဲ့ မူးယစ်ဆေးတရားခံတွေအဖြစ် ကမ္ဘာသိကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာ ဗကပတွေ ကြီးစိုးခဲ့တဲ့ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာတိုင်းရင်းသားများသာ ဖြစ်ပါတယ်။ သို့သော် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှ လွတ်နေပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ “ဝ” နယ်မြေနဲ့ UWSA ရဲ့ “ဝ” နယ်မြေဆိုတာ ရှိပါတယ်။ ဒီပြဿနာတွေမဖြစ်ခင် ဘိန်းဖြူပြဿနာဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဘိန်းပပျောက်ရေးအတွက် ဖိအားပေးခဲ့တာကြောင့် ဘိန်းပပျောက်ပြီး ရာမရူးသွပ်ဆေးပြားများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကိုလည်း မြန်မာနဲ့တရုတ်ပူးပေါင်းပြီး နှိမ်နင်းခဲ့ရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *