ထိုင်းဝန်ကြီးချုပ် ဆရက်တာ ထာဝီဆင်း ရာထူးက ဖယ်ရှားခံရပြီး နောက်ဆက်တွဲ အခင်းအကျင်းများ

ဝန်ကြီးချုပ် ဆရက်တာ ထာဝီဆင်း ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့နောက် လတ်တလောမှာ ထိုင်းနိုင်ငံ အစိုးရက  အိမ်စောင့်တာဝန်ကို ထမ်းဆောင်သွားမှာ ဖြစ်ပြီး ပါတီတွေ အနေနဲ့ ၂၀၂၃ရွေးကောက်ပွဲမတိုင်မီ တင်သွင်းခဲ့ကြတဲ့  ကိုယ်စားလှယ်လောင်းစာရင်းတွေအပေါ် အခြေခံပြီး  လာမယ့်ဝန်ကြီးချုပ်အမည်စာရင်းကို တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီအမည်စာရင်းကို  မဲမေးပြီး ဝန်ကြီးချုပ်အသစ် ရွေးချယ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။

ဖြုတ်ချခံထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆရက်တာ ထာဝီဆင်းဟာ  လွန်ခဲ့တဲ့  ၁၆ နှစ်လောက်က အကျဉ်းချခံခဲ့ရဖူးတဲ့ ရှေ့နေဟောင်းတစ်ယောက်ကို သူ့အစိုးရအဖွဲထဲမှာ ရာထူးကြီးကြီး ခန့်အပ်ခဲ့တာက ကျင့်ဝတ်ဖောက်ဖျက်မှု မြောက်တယ် ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၄ ရက်) မှာ ဆရက်တာ ထာဝီဆင်းကို ရာထူးကနေ ဖယ်ရှားပစ်ခဲ့တာ ဖြစ်ပါတယ်။

 အခု အချိန်မှာတော့ ထိုင်းအစိုးရအဖွဲ့ဟာ  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် ဖြစ်တဲ့ ဖွမ်သမ် ဝက်ချရာချိုင်းကို  ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူစေမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌက  လာမယ့် ၀န်ကြီးချုပ်အတွက် မဲပေးဖို့  အောက်လွှတ်တော် ကို ခေါ်ယူကျင်းပရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက်ကိုတော့ လွှတ်တော်က ဘယ်အချိန်ဘယ် အခါ မှာ ကျင်းပရမယ်ဆိုတာကိုတော့ သတ်မှတ်ပြဌါန်းထားတာမျိုး မရှိဘူးလို့ သိရပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာဖို့  ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ  အောက်လွှတ်တော်ရဲ့  လက်ရှိလွှတ်တော်အမတ် ၄၉၃ ယောက် ထဲကနေ  ထက်ဝက်ဖြစ်တဲ့ အနည်းဆုံး  ၂၄၇ မဲ အထက် ရဖိုလိုပါတယ်။

ဒီလိုမျိုး သတ်မှတ်ချက်နဲ့မကိုက်ညီဘဲ ဘယ်သူကမှ လုံလောက်တဲ့ မဲ အရေအတွက် မရခဲ့ဘူးဆိုရင်တော့ လွှတ်တော်က နောက်တစ်ကြိမ် ထပ်မံခေါ်ယူပြီး တခြားကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်း ခိုင်းရမှာ ဖြစ်ပြီး နောက်တစ်ကြိမ် မဲပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ ၁၁ ပါတီညွန့်ပေါင်းအစိုးရဟာ  အောက်လွှတ်တော်မှာ ၃၁၄ နေရာရှိနေပါတယ်။ ဝန်ကြီးချုပ်သစ်က အစိုးရအဖွဲ့ကို ခန့်အပ်ရမှာ ဖြစ်သလို သူရဲ့ မူဝါဒတွေကိုလည်း လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်းတွေက ဘယ်သူတွေဖြစ်မှာလည်း….။

ဖြူထိုင်းပါတီရဲ့ ဘီလျံနာခေါင်းဆောင် သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်တဲ့  အသက် ၃၇ နှစ်အရွယ် ပေတွန်တန် ရှင်နာဝပ်တရာက ဆရက်တာ ထာဝီဆင်း  နေရာမှာ အစားဝင်လာမယ့် သဘောတွေ မြင်နေရပါတယ်။ သူက ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး လွှတ်တော်ကရွေးချယ်ခဲ့ပြီ ဆိုရင်တော့ သူဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းရာထူး ကို ရယူမယ့်  တတိယမြောက် ရှင်နာဝပ်ထရာ မျိုးဆက်ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ တစ်ယောက်ကတော့ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဖြေလျှော့ပေးဖို့  တိုက်တွန်းအား ပေးခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး အနုတင် ချားဝီရကူဖြစ်ပါတယ်။ သူက လက်ရှိ ညွန့်ပေါင်းအစိုးရရဲ့  ဒုတိယ အကြီးဆုံး မိတ်ဖက် ဘွန်ဂျီထိုင်းပါတီရဲ့  ခေါင်းဆောင်ဖြစ်ပါတယ်။

တတိယတစ်ယောက်ကတော့ ကွန်ဆာဗေးတစ်နဲ့  စစ်တပ်ဘက်ယိမ်းတဲ့  ပါလန်းပရာချာရတ်ပါတီကို ဦးဆောင်နေတဲ့  သြဇာကြီးတဲ့  စစ်တပ်အကြီးအကဲဟောင်း ပရာဝစ် ဝမ်ဆူဝမ် ဖြစ်ပါတယ်။ သူက နာမည်ဆိုးကျော်ကြားတဲ့  နိုင်ငံရေးသဘောတူညီချက်တွေဖန်တီးသူဖြစ်ပြီး ရှင်နာဝပ်ထရာအစိုးရတွေကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းမှု နှစ်ကြိမ်လုံးမှာ အဓိကနေရာက ပါခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ထပ် မျှော်လင့်နိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ တရားရေးဝန်ကြီးဟောင်း ချိုက်ကာဆန် နီတီဆရီ၊ ဖြူထိုင်ပါတီဝင် သဘောထားတင်းမာတဲ့   စွမ်းအင်ဝန်ကြီး ပီရာပန် ဖြစ်ပြီး၊ နောက်ဆုံး တစ်ယောက်ကတော့ ကွန်ဆာဗေးတစ်ပါတီ ထိုင်း ရာကစာ ချတ်ရဲ့ ခေါင်းဆောင် တရားရေးဝန်ကြီးဟောင်းတို့လည်း ဝန်ကြီးချုပ်ရာထူးအတွက် မျှော်လင့်နိုင်တယ်လို့ ထိုင်းမီဒီယာတွေက ရေးသားထားတာတွေ ထပ်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

PHOTO CREDIT: CBS,BANGKOK POST, REUTERS & CVH.COM

Visited 66 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *