ဘန်ကောက်၊ မတ် ၁၄
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ ဘန်ကောက်မြို့ကနေ့ ၃ ရက်ကြာအလည်ပတ်ခရီး အဖြစ် ချင်းမိုင်မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ် နဲ့ ဒီနေ့ မတ် ၁၄ရက်နေ့မှာ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် မတက်ခင်မှာလည်း ဆုတောင်းနေတာ တွေ့ရသေးတယ်လို့ ဆိုပါတယ်။
ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အကျင့်ပျက်ခြစားမှု၊အာဏာအလွဲသုံးစားမှုစတဲ့အမှုတွေနဲ့ ကျခံနေရတဲ့ ထောင်ဒဏ်တွေကနေ စောစောစီးစီးပဲ လွတ်လာပြီးနောက် ပထမဆုံးအကြိမ် ဒီနေ့ မတ် ၁၄ရက်မှာ လူမြင်ကွင်းထဲ ထွက်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုမှာ ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အငြင်းပွားဖွယ် ဘီလျံနာ သူဌေးကြီးဟာ သူ့ရဲ့ ဇာတိ ချင်းမိုင်မြို့ကို လေယာဉ်ဆင်းသက်ပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၀ မှာ သူညီမ၊ ညီမခင်ပွန်းတို့နဲ့ အတူ ပန်းခြံတစ်ခုကို သွားပြီး ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော် သူ့ကို စောင့်နေတာ ဆယ့်ခုနစ်နှစ်ရှိပြီ” လို့ ဆူရင်ပြည်နယ် အရှေ့မြောက်ပိုင်းကနေ လာတဲ့ ဆမ်နီရန် ကွန်ပေါ့ပရမ် က ပန်းခြံထဲက နုတ်ဆက်ပွဲမှာ AFP ကို ပြောပါတယ်။
သက်ဆင်ဟာ အခုခရီးစဥ်မှာ လည်ပတ်မှုအထိမ်းအမှတ်အဖြစ် ပန်းခြံမှာ ပျိုးပင်စိုက်ကာ ဗုဒ္ဓဘာသာ ကုသိုလ်ပြုမှုအဖြစ် ကန်ထဲကို ငါးတွေလည်း လွခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်ရက်မှာတော့ သက်ဆင်ဟာ မိသားစုနဲ့ ထောက်ခံသူတွေကို တွေ့ဆုံကာ ဆွေမျိုးတော်တွေရဲ့ သင်္ချိုင်းမှာ ဆုတောင်းကြဦးမယ်လို့ သိရပါတယ်။
Ref: AFP/rl
ပုံစာ။ ဘန်ကောက်က မထွက်ခွာခင် သမီးငယ်နဲ့အတူတွေ့ရတဲ့ သူဌေးကြီးသက်ဆင်
Feature Image Credit: AFP/James Wilson/Thai News Pix)



