ဘန်ကောက် ၊ ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခရီသည်တင် နှစ်ထပ်ဘတ်စ်ကား တစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိလို့ ခရီးသည် ၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေ ငြာပါတယ်။
ဒီဇင်ဘာ၄ရက်နေ့ ညက ဘန်ကောက်ကနေ တောင်ဘက်အစွန်ဆုံးကို ခရီးထွက်ခွာမောင်းနှင်လာတဲ့ အဝေးပြေးနှစ်ထပ် ကား တစ်စီး ဟာ ပရာချောက် ကီရီ ချန် ခရိုင်က လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တိုက်မိပြီး သစ်ပင် က ကားကို အလယ် ကနေ ခွဲပြီး ဖြတ်ဝင်းသွားတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းမီဒီယာတွေမှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာ ဘတ်စ်ကားရဲ့ ရှေ့ပိုင်းကို အရှိန်ပြင်းပြင်းနဲ့ နှစ်ပိုင်းခွဲပြီး အလယ်မှာ ညှပ်နေတဲ့ သစ်ပင်ကို တွေ့ကြရပါတယ်။
“ပဏာမစုံစမ်းစစ်ဆေးမှုအရ လူ ၁၄ယောက် သေဆုံးပြီး ၃၂ယောက်က ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ခရိုင်ရဲ စုံစမ်းစစ်ဆေး ရေးမှူး အာနွန် က AFP ကို ပြောပါတယ်။ ဆက်ပြီးလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမယ့်လည်း ယာဉ်မောင်းကတော့ ဒဏ်ရာအပြင်းအထန် ရခဲ့ပြိး အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ယာဉ်မောင်းဟာ အိပ်ချိန်လုံလောက်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့က သံသယရှိနေ တဲ့အကြောင်းလည်း သိရပါတယ်။
“သူ့ရဲ့သွေးနဲ့ အရက် ပါဝင်မှု ရှိမရှိကိုတော့စစ်ဆေးဖို့ဆေးရုံနဲ့ပေါင်းလုပ်နေပါတယ်” လို့ အာနွန်က ပြောပါတယ်။
သေဆုံးသူ အားလုံးဟာ ထိုင်းလူမျိုးတွေ ဟုတ်မဟုတ် ကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် လူပေါင်း ၂၀၀၀၀လောက် သေဆုံးနေ တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
Ref: AFP
ပုံစာ။ နှစ်ခြမ်းကွဲနေတဲ့ ဘတ်စ်ကားကို တွေ့ရပုံ
Feature Image Credit: Reuters/TPBS



