သံရုံးက ဗီဇာရက်ချိန်းလျှောက်ထားဖို့အတွက် အခကြေးငွေမယူပါ
၆ မတ်၊၂၀၂၄

ပြင်ပမှာ ငွေကျပ်၄သိန်းခွဲလောက် ပွဲစားတွေက စျေးတောင်းနေတဲ့ ထိုင်းဗီဇာကိစ္စရပ်ဟာ အတော့်ကိုဆိုးရွားနေပြီး အမှန်တကယ်သွားလိုသူတွေ အကျပ်ရိုက်လျှက်ရှိနေပါတယ်။
လျှောက်တဲ့သူ များပြားလွန်းတာမို့ လူကိုယ်တိုင်တန်းစီ စနစ်အစား အွန်လိုင်းကနေ ပြောင်းလဲလျှောက်ထားစေခဲ့တဲ့ ထိုင်းဗီဇာရက်ချိန်းကို လူထုအခက်အခဲရောက်နေချိန် ကြားကနေအမြတ်ထုတ်ငွေရှာချင်ကြတဲ့ ပွဲစားဆိုသူတွေက ထိုင်းသံရုံးရဲ့ အွန်လိုင်းဗီဇာရက်ချိန်းလျှောက်တဲ့စနစ်မှာ ပတ်စပို့နံပါတ်အမျိုးမျိုးကို သုံးပြီး ရက်ချိန်း (မိမိတစ်ဦးတည်းအတွက်မဟုတ်ဘဲ) booking နေရာအများအပြားကို ရယူနေကြပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရက်ချိန်းနေ့မှာ ရက်ချိန်းယူထားပြီး လာရောက် လျှောက်ထားသူမရှိတဲ့ အခြေအနေတွေ မြင့်မားနေတယ်လို့ သံရုံးဘက်က ဒီကနေ့မှာ ပြစ်တင်ဝေဖန်လာပါတယ်။
နောက်ပြီး သံရုံးဝန်ထမ်းအယောင် ဆောင်ထားသူတွေက သံရုံးရှေ့မှာ အချို့ဗီဇာလျှောက်ထားသူတွေကို သံရုံးရဲ့ ကောင်စစ်ဌာန မဝင်မီ စစ်ဆေးပေးမယ်ဆိုပြီး ငွေရဖို့ ဖျားယောင်းသိမ်းသွင်းနေတာကိုလည်း သိထားတယ်လို့ ဆက်ပြောလာပါတယ်။
“အွန်လိုင်းကနေ လွယ်လွယ်ရနေတဲ့ဟာကို ငွေပေးလျှောက်သူတွေရှိတော့ ပွဲစားကပေါ်လာတာအဲ။ကိုယ်တိုင်အားထုတ်သင့်တယ်”လို့ ခုရက်ထဲ ကိုယ်တိုင်ဗီဇာလျှောက်သူက ပြောပြပါတယ်။
သံရုံးဘက်က သံရုံးအနေနဲ့ ဗီဇာရက်ချိန်းလျှောက်ထားရာမှာ အခကြေးငွေမယူပါ။ ဗီဇာရက်ချိန်းလျှောက်လိုသူတစ်ဦးကို တစုံတယောက်က ရက်ချိန်းတစ်ခုရှိနေရာ (reservation slot) ကိုလာပေးပြီး အခကြေးငွေတောင်းရင် ထိုသူကို မယုံကြည်ပါနဲ့ ။ထိုသူတောင်းဆိုသည့်အတိုင်း မလိုက်လျောပါနဲ့လို့ ထုတ်ပြန်အသိပေးထားပါတယ်။
နောက်ပြီး ရက်ချိန်းကို မလိုအပ်ဘဲ ရယူထားသူတွေအနေနဲ့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ အရေးတကြီးလိုအပ်နေတဲ့ ဗီဇာ လျှောက်လိုသူတွေကို ရက်ချိန်းနေရာမရှိစေတော့တဲ့အထိ အခြေအနေတွေ မဖြစ်ပွါးစေဖို့ သံရုံးရဲ့ အွန်လိုင်းရက်ချိန်းယူစနစ်ကို မှန်ကန်စွာသုံးစွဲပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဗီဇာလျှောက်လိုသူတွေဟာ သံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာကိုသွားပြီး သူတို့ရဲ့ website မှာ ဗီဇာရက်ချိန်း ရယူနိုင်တယ်လို့သိရပါတယ်။



