ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ မေလ ၁၄ ရက်မှာ ကျင်းပမယ်လို့ ထုတ်ပြန်ကြေငြာ

 ဝန်ကြီးချုပ်ပရာယွတ် နဲ့ ဖြူးထိုင်းပါတီ အကျိတ်အနယ် ယှဥ်ပြိုင်ရမယ့်ပွဲ ဖြစ်လာ

မတ်လ ၂၀ ရက်က ဘန်ကောက် မှာ မီဒီယာတွေနဲ့ တွေဆုံနေတဲ့ ဝန်ကြီးချုပ် ပရာယွတ်
Photo Credit: AP

ဘန်ကောက်၊ မတ် ၂၁

ထိုင်းနိုင်ငံရဲ့  အထွေထွေရွေးကောက်ပွဲကို လာမယ့် မေလ ၁၄ ရက်မှာ ကျင်းပမယ့်အကြောင်းပါလီမန်ကို ဖျက်သိမ်းပြီး တစ်ရက်အကြာ မတ်လ ၂၁ရက် အင်္ဂါနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေငြာချက်ဟာ အရည်အချင်းပြည့်မီတဲ့  မဲဆန္ဒရှင် ၅၂ သန်းခန့်ရဲ့ ဆန္ဒမဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာ ဝင်ပြိုင်ပြီး ရယူဖို့  ပါတီတွေဘက်ကလည်း အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ဒီကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့  စစ်ဘက်ကကွန်ဆာဗေးတစ်အုပ်စုတွေနဲ့ အဓိက အပြင်းထန်ဆုံး ပြိုင်ဆိုင်ဖို့ အသင့်ပြင်နေတာက ဝန်ကြီးချုပ်ဟောင်း ဘီလျံနာ ရှင်နာဝပ်ထရာ ရဲ့ အတိုက်အခံ ဖြူးထိုင်း ပါတီကြီးဖြစ်ပြီး ဒီနှစ်ပါတီရဲ့ ရွေးကောက်ပွဲ အကြိုတိုက်ပွဲကတော့ အပြင်းအထန် ရှိမှာ သေချာတယ်လို့ ထိုင်းဝါရင့်အမတ်တွေက ကျိန်းသေ တွက်ဆထားတယ်လို့ ဆိုပါတယ်။

မေလ ၇ ရက်နေ့မှာတော့   ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ခြင်း ပြုလုပ်မှာ ဖြစ်သလို“ရွေးကောက်ပွဲ ချောမွေ့ဖို့ လူတိုင်းက စည်းမျဥ်းစည်းကမ်းတွေကို လေးစားလိုက်နာစေချင်ပါတယ်” လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဆူရဝမ် ဘူအန်မီ က ပြောပါတယ်။

မေလ ရွေးကောက်ပွဲကနေ  ပါလီမန်အမတ်တွေကို ရွေးချယ်ခန့်ထားမှာ ဖြစ်ပြီး ဇူလိုင်လကုန် မှာတော့ ၀န်ကြီးချုပ် တစ်ဦးကို ရွေးချယ်မှာ ဖြစ်တယ်လို့ အစိုးရရဲ့ အချိန်ဇယားအရ သိရပါတယ်။

ဝန်ကြီးချုပ်အဖြစ် အလားအလာရှိနေသူတွေကို ခန့်မှန်းပြီး သဘောထားကောက်ထားတဲ့ စစ်တမ်းတွေမှာ အတိုက်အခံ ဖြစ်တဲ့  ဖြူးထိုင်းပါတီခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့ ပေတွန်တန် ရှင်နာဝပ်ထရာ က ထိပ်ဆုံးကနေ တစ်ပြေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားလူတန်းစားတွေအတွက် ရည်ရွယ်တဲ့ လူကြိုက်များတဲ့ မူဝါဒတွေနဲ့ ရှင်နာဝပ်ထရာရဲ့ ပါတီဟာ  ၂၀၀၁ ခုနှစ်က စပြီး ရွေးကောက်ပွဲတိုင်းမှာ  နှစ်ကြိမ်တိုင်တိုင် အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်  သူ့ အစိုးရသက်တမ်း သုံးကြိမ်စလုံးကို  စစ်တပ်က အာဏာသိမ်းခြင်း၊ တရားရုံး စီရင်ချက်နဲ့ ဖျက်သိမ်းခြင်း စတာတွေနဲ့ ဖယ်ရှားခံခဲ့ ရပါတယ်။

United Thai Nation ပါတီ ကနေ  ပြန်အရွေးခံမည့် ပရာယွတ်ကတော့ ဒီနေ့အထိ သူရဲ့အစိုးရအဖွဲ့က နိုင်ငံကို အုပ်ချုပ် နေဆဲ ဖြစ်တယ် ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောခဲ့သေးကြောင်းလည်း သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ပရာယွတ်နဲ့ အပြိုင်ဖြစ်လာမယ့်သူက ဖြူထိုင်းပါတီကိုယ်စားပြုတဲ့   ပေတွန်တန် ရှင်နာ ဝပ်ထရာ ဟာ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး အသက် ၃၆နှစ်ရှိပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ချူလာလွန်ကောင်း တက္က သိုလ် နဲ့ လန်ဒန်က “University Of Surrey” တို့မှာ ပညာသင်ကြားခဲ့သူပါ။ အိမ်ထောင်သည် မိခင်တစ်ဉီးလည်း ဖြစ်ပါ တယ်။

Ref: CNN, BKK POST

 ဖေဖေါ်ဝါရီ ၁၇ရက်ကထိုင်းနိုင်ငံ အီဆန်ဒေသရဲ့ အချက်အချာ ရတ်ချထာနီ မှာ  လူထုနဲ တွေဆုံနေတဲ့ ပေတွန်တန် ရှင်နာဝပ်ထရာ
Photo Credit: Reuters
Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *