ထိုင်ဝမ်၊ ဧပြီ ၂၂
ထိုင်ဝမ်အရှေ့ဘက်ခြမ်း ဟွာလီယန် ခရိုင်မှာ တနင်္လာနေ့ ဧပြီ ၂၂ ရက်နေ့ နှောင်းပိုင်းနဲ့ အင်္ဂါနေ့အစောပိုင်းတို့မှာ ဒါဇင်နဲ့ချီတဲ့ ငလျင်တွေ လှုပ်ခတ်သွားပေမယ့် အသေးစားပျက်စီးမှုသာ သတင်းရရှိပြီး အသေအပျောက်မရှိ ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီ ၃ ရက်နေ့ကတော့ ကျေးလက်နဲ့ လူဦးရေကျဲပါးတဲ့ ဟွာလီယန်ဒေသမှာ ရစ်ခ်ျတာစကေး ၇ဒသမ၂ ရှိတဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျှင်တွေ လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၇ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
၆ဒသမ ၃ ပြင်းအားရှိတဲ့ ငလျှင်ဟာ မြို့တော်တိုင်ပေ အပါအဝင် ထိုင်ဝမ် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ဘက် အစိတ်အပိုင်း အများအပြားမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အဆောက်အအုံတွေ ညလုံးပေါက် လှုပ်ခါခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အထူးသဖြင့် မနက် ၂ နာရီမှာအပြင်းထန်ဆုံးပဲ။ တကယ်တော့ ခဏလောက် အောက်ထပ်ကို အပြေးအလွှား ပြေးဖို့ စိတ်ကူးမိပေမယ့် ခြောက်ထပ်မှာ နေတော့ အောက်ဆင်းရတာ နည်းနည်းတော့ ဒုက္ခရောက်သွားတယ်” လို့ ထိုင်ပေမြို့ခံ အဒန် ပင်း က ပြောပြပါတယ်။
Ref: Reuters
ပုံစာ။ ငလျှင်ကြောင့် မြေအောက်ဥမင်တစ်ခု ပျက်စီးသွားပုံ
Feature Image credit: AFP/Taiwan’s Central News Agency



