သမ္မတဟောင်းဒေါ်နယ်လ်ထရမ့်ဟာ လာမယ့် ၂၀၂၄ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နာမည်စာရင်းတင်သွင်းပြီးဖြစ်တယ်။ မဲဆွယ်စည်းရုံးမှုစမလို့လုပ်တုန်း သူရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး တရားရုံးတက်ရှင်းနေရလို့ အရှိန်ပျက်သွားတယ်။
တရားရင်ဆိုင်နေရတာနဲ့ ထရမ့်အချိန်ပေး မဲဆွယ်စည်းရုံးနိုင်တော့မှာမဟုတ်ဘူးလို့ အမေရိကန်သတင်းမီဒီယာတချို့က ရေးသားထုတ်လွှင့်လာကြတယ်။
တကယ်ဆို သူ့ပြိုင်ဖက်က သမ္မတဟောင်းဂျွန်အက်ဖ် ကနေဒီရဲ့တူ ရောဘတ်အက်ဖ်ကနေဒီဂျူနီယာနဲ့ စာရေးဆရာမကြီး မာရီယန်း ဝီလျံဆန်တို့ နှစ်ဦးပဲရှိနေခဲ့ရာက နောက်ပိုင်းမှာ ဂျိုးဘိုင်ဒင် ထပ်တိုးလာတယ်။ ထရမ့်နဲ့ဘိုင်ဒင် ထပ်ပြိုင်ကြမယ့်ပွဲကတော့ မဖြစ်သင့်ဘူးလို့ အမေရိကန်သတင်းစာတွေမှာ ဗြောင်ဝေဖန်ခဲ့ကြတယ်။
ရီပတ်ဘလီကန်ပါတီဖက်က သမ္မတလောင်းတွေကနည်းနည်းနောနောတော့မဟုတ်ဘူး။ ထရမ့်အပါအဝင် ၅ယောက်ရှိတယ်။ ဝင်ပြိုင်ဖို့ အလားအလာရှိသူတွေက ၇ယောက်ရှိပြန်သေးတယ်။ လူဘယ်လောက်များများ အောက်ခြေအဆင့် ရွေးကောက်ပွဲတွေမှာ အားလုံးကိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုရောက်သွားလိမ့်မယ်လို့ ထရမ့်က လုံးဝယုံကြည်ထားပုံရတယ်။
မေ၂၄မှာတော့ ရီပတ်ဘလီကန်ဖက်က သမ္မတလောင်းနောက်တစ်ယောက်တိုးလာတယ်။ အသက် ၄၄နှစ်အရွယ် ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးဒီစန်းတစ်တဲ့။ထရမ့်က ဝင်မပြိုင်ဖို့ တားခဲ့ဖူးတဲ့ကြားထဲမှာ ဇွတ်ဝင်ပြိုင်တာလို့ ပြောကြတယ်။ သူက အီလွန်မတ်စ်နဲ့ပေါင်းမိပြီး တွစ်တာကနေ မဲဆွယ်စည်းရုံးမှုစတင်ဖို့စီစဉ်တယ်။ သူစည်းရုံးဟောပြောမယ့်အချိန်ရောက်တော့ တွစ်တာကကြောင်ပြီး လိုင်းတွေပြတ်တောက်ကုန်ပါလေရော။
ထရမ့်က သူ့ကိုယ်ပိုင် ထရုသ်ဆိုရှယ် လူမှုကွန်ရက်ကနေ ဒီစန်းတစ်ကို လှောင်ထားတာတွေ့ရတယ်။ အစမှာတောင် ကသောင်းကနင်းနဲ့ ကျွန်တော့်ကိုယှဉ်ပြိုင်မယ့် ဒီစန်းတစ် ဘယ်လိုဖြစ်လာမလဲ ဆက်လက်ရှုစားကြပါ လို့ လှောင်ပြီးရေးထားတာဖြစ်တယ်။
Ref: CNN, Aljazeera



