ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှနေ့ခင်းကြောင်တောင် ဓားပြတိုက်မှုတွင် ကျူးလွန်သူ တစ်ဦးကို ဖမ်းမိထားကြောင်း တောင်ကုတ်မြို့မ ရဲစခန်းကပြောသည်။
“လောလောဆယ် တရားခံ ၂ ယောက်ထဲက တစ်ယောက်တော့ ဖမ်းမိထားပါပြီ၊ပါသွားတဲ့ ပစ္စည်းတွေကိုလည်း ပြန်သိမ်းလို့ ရပါပြီ။ဖမ်းမိသူရဲ့ လက်ထဲမှာပါတဲ့ ပစ္စည်းတွေကို ဓာတ်ပုံမှတ်တမ်းတွေ Video ဖိုင်တွေနဲ့ သက်သေ မှတ်တမ်းလုပ်ပြီးပါပြီ။အဲဒီမှာ ရွှေ ၂၁ ကျပ်သားကျော် ရှိတာပေါ့။ မြေပုံမြို့နယ် ကမ်းထောင်းကြီးကပါ။သေနတ်က အတု၊သေနတ်ကို ကြွပ်ကြွပ်အိတ်အနက်လေးနဲ့ပတ်လာတယ်။နာမည်က လုံးထွန်းမောင် အသက် က ၃၄ နှစ်။သူနဲ့ အတူ ကျူးလွန်ရာမှာပါတဲ့ တစ်ယောက်ကို ဖမ်းမိဖို့ ဆက်လိုက်နေ ပါတယ်”ဟု ယင်းကဆိုသည်။


ဓားပြတိုက်ခံရပြီး လုယက်ခံရသည့် ပစ္စည်းစာရင်းမှာ ရွှေဆွဲကြိုး ၁ဝ ကုံး၊ ရွှေ ဘယက် ၂ ခု၊ ၁ ကျပ်သား ရွှေဆွဲကြိုး ၇ ကုံး၊ ရွှေဆွဲသီး၊ ရွှေဟန်းချိန်း ၁၀ ခု ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၂ နာရီ ကျော်ခန့်အချိန်က အမည်မသိအမျိုးသား ၂ ဦး အဆိုပါရွှေဆိုင်ကို ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်အတွင်း ခင်းကျင်းပြသရောင်းချနေသော ရွှေထည်ပစ္စည်းများကို လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရွှေဆိုင်မှာ တောင်ကုတ်မြို့၊ မြို့နယ်ခန်းမအနီး ဖွင့်ထားတဲ့ ” ရွှေပွင့်အိမ် ရွှေဆိုင် “ဖြစ်ပြီး ဆိုင်ကယ်ဖြင့် ဦးထုပ်ဆောင်း ရောက်လာသူ ၂ ဦးက သေနတ်ထုတ်ထားရာနောက်တစ်ဦးက မှန်ကောင်တာရိုက်ခွဲ၍ ရွှေများကို ယူသွားခြင်းဖြစ်ကြောင်း သိရသည်။