တောက်ပဆဲ အိပ်မက်တွေနဲ့ ဂျပန်ရောက် မြန်မာလုပ်သားများ

ဂျပန်နိုင်ငံဟာ  နိုင်ငံခြားအလုပ်သမားတွေ  ပိုမိုခေါ်ယူဖို့ မူဝါဒအသစ်တွေ ရေးဆွဲနေချိန်မှာပဲ “လူမျိုးရေးခွဲခြားခံရမှု” ပြသနာတွေရှိနေတဲ့ အသံကလည်း  တစ်ချက်တစ်ချက်  ထွက်ထွက်လာပါတယ်။ ဒါပေမယ့်လည်း မြန်မာလုပ်သားတွေ အတွက် ကောင်းမွန်တဲ့ အခြေအနေတွေ  ရှိနိုင်၊ မရှိနိုင် ဆိုတဲ့ အဖြေကိုတော့ ဒီဆောင်းပါးကနေ အဖြေတစ်ခု ထုတ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က  ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့ အသက် ၂၅နှစ်အရွယ် တက္ကသိုလ်ဘွဲရ မမျိုးမျိုးသိန်းဟာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်တွေ ရတဲ့ လစာနဲ့  ယှဉ်လိုက်ရင်သူလုပ်ခလစာက အများကြီး ပိုပါတယ်။ ဒါကတော့ သူ့ရဲ့ ဂျပန်ဘာသာစကား စွမ်းရည်ကြောင့်ပါ။ သူဟာ တခြားလူငယ်တွေ နည်းတူ တိုင်းပြည် ပဋိပက္ခတွေ  အရှိန်တက်လာတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဂျပန်နိုင်ငံကို ထွက်ခွာခဲ့သူပါ။

သူ့ရဲ့  ဂျပန်စကားပြောစွမ်းရည်ကြောင့် ကျွမ်းကျင်လုပ်သားတစ်ယောက်အနေနဲ့  အရည်အချင်းပြည့်မီခဲ့ပြီး  ဂျပန်နိုင်ငံမှာနောက်ထပ် ငါးနှစ်ကာလ အထိ အာမခံချက်ရှိရှိ လုပ်ကိုင်နိုင်တဲ့ အခြေနေတစ်ခုကို မိမိရရ ဆုပ်ကိုင် နိုင်ခဲ့တယ်။

“ဒီမှာရှိနေတဲ့ ကျွန်မ သူငယ်ချင်းကပြောတယ် ဂျပန်နိုင်ငံက စည်းကမ်းကို အလေးထားတယ်လို့ ပြောတဲ့အတွက် ဂျပန်မှာ အလုပ်လုပ်ဖို့ ပိုပြီး စိတ်ပါခဲ့တာပါ” ဆိုပြီး   ပြောပြပါတယ်။ သူကပဲ “အခွင့်အရေးရရင် နာမည်ကြီးဟိုတယ်တစ်ခုမှာ အလုပ်လုပ်ချင်တယ်” လို့ ဆက်ပြောပါတယ်။

တကယ်တော့ ဂျပန်နိုင်ငံဆိုတာ ရွှေ့ပြောင်းအခြေချသူတွေကို ပြင်းပြင်းထန်ထန် ပိတ်ထားတဲ့ နိုင်ငံတစ်ခု ဖြစ်လို့ နာမည်ကောင်း ရနေတဲ့ နိုင်ငံတစ်ခုတော့ မဟုတ်ပြန်ပါဘူး။ တစ်ဘက်မှာတော့ တိုင်းပြည်မှာ အသက်အရွယ်ကြီးရင့်တဲ့သူတွေဟာ အများစု ဖြစ်လာတာမို့   နိုင်ငံခြားအလုပ်သမားတွေကို မဖြစ်မနေ တံခါးဖွင့်ပေးလိုက်ရတာလည်း ဖြစ်တယ်။

အရင်နှစ် ၂၀၂၃ ကဆို နိုင်ငံခြားအလုပ်သမားဦးရေက နှစ်သန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေ ရှိနေသလား

မမျိုးမျိုးသိန်းတို့လို နိုင်ငံခြားအလုပ်သမားတွေ ပိုပြီး ခေါ်ယူဖို့ မူဝါအသစ်တွေ ရေးစွဲနေတဲ့ အချိန်မှာပဲ  ဂျပန်နိုင်ငံဟာ လူမျိုးရေးခွဲခြားမှု တချို့ ရှိနေပြန်တယ်လို့ စွပ်စွဲခံနေရပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလတုန်းက  လူမျိုးရေးနဲ့ဆိုင်တဲ့ အချက်အလက်တချို့ကို ရဲတပ်ဖွဲ့က တရားမ၀င်မေးမြန်းမှုနဲ့ ဒေသခံအစိုးရကို နိုင်ငံခြားဖွားနေထိုင်သူ သုံးယောက်ကတရားစွဲဆိုထားတဲ့ အဖြစ်အပျက်ကလည်း အတော့်ကို ပွဲဆူခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်

သိပ်မကြာသေးတဲ့ ၂၀၂၄ခုနှစ် မေလ ၁ ရက်နေ့တုန်းက  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ  “လူမျိုးရေးမုန်းတီးမှု” တွေကို ခုထိစွဲကိုင်နေကြတုန်းပဲ။ ဒါက သူတို့နိုင်ငံ  စီးပွားရေး တိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ အချက်ပဲ လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့  ဂျပန်လူမျိုးတွေဟာ  နိုင်ငံခြားသားတွေကို  သူတို့စိတ်မှာ လက်ခံမှုက အများကြီး တိုးတက်လာနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ  နောက်ဆုံးမှာ နိုင်ငံခြားသားတွေကို အပြည့်အဝလက်ခံလာနိုင်မှာလား ဆိုတာနဲ့ ပတ်သက်ပြီး ဂျပန်သံအမတ်ကြီးဟောင်းမစ္စတာ ကာဝါတိုက  ဒီကိစ္စဟာ အတွေးအခေါ်  ဒါမှမဟုတ်  အယူဝါဒဆိုင်ရာ ကိစ္စရပ်တွေ မဟုတ်ဘဲ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ပဲ ဆိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“ဉာဏအလုပ်နဲ့ပတ်သက်ရင် ဂျပန်ကုမ္ပဏီကြီးတွေရဲ့ CEO တော်တော်များများက အခုနိုင်ငံခြားသားတွေပါ” လို့ ဖြည့်ပြောပါတယ်။

ဒီနေ့ကာလမှာတော့ အင်ဒိုနီးရှား၊နီပေါ စတဲ့ နိုင်ငံတွေက အလုပ်သမားတွေကလည်း မြန်မာအလုပ်သမားတွေနဲ့အပြိုင် ခပ်မြန်မြန်တိုးပွားလာနေပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ဂျပန်နိုင်ငံရဲ့ ကြီးထွားနှုန်းအမြန်ဆန်ဆုံး နိုင်ငံခြားအလုပ်သမားအဖွဲ့တွေအထဲက တစ်ခုအနေနဲ့ ရပ်တည်နေဆဲပါ။

၂၀၂၃ ခုနှစ်အထိ ဂျပန်နိုင်ငံမှာ  အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၇၀၀၀၀  ကျော်ရှိနေပြီး အရင်နှစ်ထက် ၅၀ရာခိုင်နှုန်းနီးပါး ခုန်တက်သွားတယ်လို့  တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလက ဂျပန်အလုပ်အကိုင် နေရာ၂၀ အတွက် အင်တာဗျူးခေါ်ခဲ့တာ အဆမတန်များလှတဲ့ လျှောက်ထားသူတွေ ရှိခဲ့ပါတယ်။ အလုပ်အမျိုးအစားတွေကတော့ ဈေးကွက်ဖြန့်ဖြူးရေးနဲ့  အစားအသောက် ပြုပြင်ရေး စတဲ့ ကဏ္ဍတွေမှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းသမဂ္ဂကိုယ်စားပြု မစ္စ ရိုကို မာတာဂါ  က မြန်မာနိုင်ငံမှာ ဂျပန်စကားပြောတတ်တဲ့သူ များလာတဲ့အတွက် မြန်မာနိုင်ငံသားလုပ်သား တွေကို စိတ်ဝင်စားလာပြီး ခေါ်ယူမှုတွေကိုတော့ ၂၀၁၆ခုနှစ်ကတည်းက စတင်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့တွေက  “ဂျပန်ဘာသာစကားကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားတယ်။ လျှောက်ထားသူတွေက ဂျပန်စာကို တစ်နှစ် နှစ်နှစ်လောက် လေ့လာပြီးပြီလို့ ပြောပါတယ်။ ကျန်တာကိုတော့  လုပ်ငန်းခွင်မှာ အများစုက လေ့လာတယ်” လို့ NKU Network Union ရဲ့ ဒါရိုက်တာတာဝန်ယူထားသူက ပြောပါတယ်။

မာတာဂါ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မဖြိုးထက်ထက်စန်းကို သူ့နိုင်ငံသူ နိုင်ငံသားတွေအတွက်  ဂျပန်-မြန်မာ ဘာသာပြန်နဲ့ ဗီဇာကိစ္စတွေမှာ ကူညီလုပ်ကိုင်ပေးဖို့ အလုပ်ခန့်ထားတယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံက  သက်ကြီးစောင့်ရှောက်မှုလုပ်ငန်းကတော့  မြန်မာနိုင်ငံက အလုပ်သမားတွေကို ငှားရမ်းဖို့ စိတ်အားထက်သန်မှုအရှိဆုံး လုပ်ငန်းတစ်ခု အဖြစ် ထင်ရှားပါတယ်။

ဂျပန်နိုင်ငံ  ကျန်းမာရေး၊ အလုပ်သမားနဲ လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ နိုင်ငံရဲ့ သက်ကြီးရွယ်အို လုပ်သားအင်အားကြောင့် လာမယ့်နှစ် ၂၀၂၅မှာဝန်ထမ်းအင်အား ၃၂၀၀၀၀ လောက် ပြတ်တောက်သွားနိုင်တယ်လို့ သုတေသနပြုထားပြီး ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကစ မြန်မှာပြည်မှာ အလုပ်ကိုင်ရှိဖွေရေးအေဂျင်စီ ထူထောင်ထားတဲ့ မစ္စတာ ကန်ဂျိ ဆာတို က “မြန်မာဟာ ယဉ်ကျေးမှုအရ ဂျပန်နဲ့ ဆင်တူပါတယ်။ လူတွေက အေးဆေးပဲ။ တော်တော်များများက ဗုဒ္ဓဘာသာဝင်တွေပါ။ သူတို့ရဲ့ အမူအကျင်က ဂျပန်တွေနဲ့ က အသင့်တော်ဆုံးမို့လို့ အားလုံးက မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ရှင်းပြပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အသက် ၂၁နှစ်အရွယ် မမိုးမိုးခိုင် တစ်ယောက် ပထမဆုံး သုံးနှစ်ကို ဖြတ်သန်းပြီးတဲ့နောက် ခုဆို  ကျွမ်းကျင်လုပ်သားအဖြစ်အရည်အချင်းပြည့်မီပြီး နောက်ထပ်ငါးနှစ် ဆက်ပြီး အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

“ဒီမှာ (၁၀) နှစ်လောက် အလုပ်လုပ်ချင်တယ်။ ပြီးရင် မြန်မာနိုင်ငံကို ပြန်လာမယ်… ကျောင်းဆောက်ပြီး သူနာပြုဆရာမ ပညာ သင်ပေးမယ်” လို့ မမိုးမိုးခိုင်က ပြောပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်လိုက်မယ် ဆိုရင်တော့  မြန်မာနိုင်ငံက လူငယ်တွေအတွက် ဂျပန် အိမ်မက်က အရှိန်ကောင်းကောင်းနဲ့ ဆက်ပြီး  ရှင်သန်တိုးတက်ပြီး အခုထက်ပိုတဲ့ အခွင့်လမ်းကောင်းတွေ ရလာဦးမှာ မလွဲဘူးလို့ပဲ သုံးသပ် ဖော်ပြလိုက်ပါတယ်။

ကိုးကား။ CNA, REUTERS, RFA သတင်းတွေက အချက်အလက်တွေကို ကိုးကားသုံးစွဲ ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *