
Photo credit: AP
တိုကျို၊ ဇန်နဝါရီ ၂
ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနေဒါ လေဆိပ်မှာ ကမ်းခြေစောင့်လေယာဉ်နဲ့ ခရီးသည် ၃၇၉ ယောက် တင်ဆောင်လာတဲ့ JAL လေကြောင်းလိုင်းက A 350 လေယာဉ်တို့ မတော်တဆ တိုက်မိပြီး လေယာဉ်အမှုထမ်း အပါအဝင် ခရီးသည် ၃၇၉ ယောက်လုံး အံ့အားသင့်ဖွယ် လွတ်မြောက်ခဲ့ပေမယ့် ကမ်းခြေစောင့် လေယာဉ်အမှုထမ်း ခြောက်ယောက်အနက် ငါးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်သစ်ကူးနေ့ကလည်း အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄၈ ယောက်ထက်မနည်း သေဆုံးပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းက နီဂါတာလေဆိပ်ကို ဦးတည်လာတဲ့ လေယာဉ် တစ်စင်း လည်း မတော်တဆဖြစ် ပျက်စီးခဲ့သေးတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။
အခင်းဖြစ် A 350 လေယာဥ်နဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်တို့ ဆင်းသက်ပြီးချိန်မှာ တစ်ခုခုကို ထိမိသလိုမျိုး အရှိန် ပြင်းပြင်းနဲ့ ခုန်ပေါက်သွားသလို ခံစားခဲ့ရပါတယ်” လို့ Japan Airlines လေယာဉ်ပေါ်က ခရီးသည်တစ်ယောက်က ကျိုဒိုသတင်းဌာနကို ပြောပါတယ်။ “ပြတင်းပေါက်အပြင်ဘက်မှာ မီးပွားတွေတွေ့တယ်၊ အခန်းထဲမှာ ဓာတ်ငွေ့တွေနဲ့ မီးခိုးတွေပြည့်နေတယ်” ဆိုပြီးလည်း ပြောပါတယ်။
ရုပ်သံလွှင့်ဌာန NHK ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာတော့ Japan Airlines (JAL) အဲယားဘတ်စ် A350 လေယာဉ်ဟာ ညနေ ၆ နာရီ (၀၉၀၀ ဂရင်းနစ်စံတော်ချိန်) မတိုင်မီ ကတ္တရာလမ်းပေါ်ကနေ ချော်ကျပြီး မီးတောက်တွေနဲ့ အတူ ပေါက်ကွဲနေတဲ့ ရုပ်သံကို ပြသခဲ့ပါတယ်။
ဂျပန် သယ်ယူပို့ဆောင်ရေးဝန်ကြီး တေဆူတို ဆာအီတို့ က ကမ်းခြေစောင့် လေယာဉ်အမှုထမ်း ငါးယောက် သေဆုံး သွားတဲ့ အကြောင်း အတည်ပြုခဲ့ပါတယ်။
Ref: Reuters
ပုံစာ။ ထိခိုက်မှုအပြီး မီးလောက်ကျွမ်းနေတဲ့ လေယာဥ်ကို တွေ့ရပုံ
Feature Image credit: AP



