ကားလုသူတွေရဲ့ အရှိန်ပြင်းမောင်းမှု အခြားကားများပါ ပျက်စီး
၁၂ ဖေဖော်ဝါရီ၊၂၀၂၄
ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ယုဇနပလာဇာအနီးမှာ ဖေဖော်ဝါရီ၁၁ရက်ညက တက္ကစီယာဥ်မောင်းကို ဓားနဲ့ထိုးပြီး၊ကားလုလာသူတွေက ရပ်ထားတဲ့ကားတွေကို ဝင်တိုက်ခဲ့တာကြောင့် ရပ်ထားတဲ့ကားအများအပြားပျက်စီးပြီး၊ လုခံရတဲ့တက္ကစီယာဥ်မောင်းဆေးရုံတင်လိုက်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။


“ဆေးရုံကားနဲ့ ခေါ်လာတာတော့ ကားသမားကသတိရှိသေးတယ်၊ တက္ကစီက တာမွေပလာဇာ သမိန်ဗရမ်းလမ်းမ KTVရှေ့မှာ ဓားနဲ့ထိုး လူပစ်ချပီး လုခဲ့တာ မောင်းပြေးပီး ယုဇနပလာဇာဘက်မှာဆက်တိုက်သွားတာ”လို့တာမွေမှာနေထိုင်သူတဦးက ပြောပါတယ်။
လုယက်သူထဲမှာ မိန်းကလေးတွေပါဝင်နေပြီး၊ သူတို့ဟာ တက္ကစီငှားကာ၊မောင်းလာတဲ့ ကားသမားကို ဓားနဲ့ထိုးပြီး လမ်းမှာ ပစ်ချခဲ့ပြီး ကားကိုအမြန်မောင်းတာကြောင့် တိုက်မိခဲ့တာလို့ မျက်မြင်အချို့က ပြောပါတယ်။
“လုခံရတဲ့ တက္ကစီမောင်းသူကတော့ဆေးရုံမှာ အရေးပေါ်ပို့လိုက်ရတယ်။ကံကောင်းတာက အဲ့နားက လူတွေ ဝိုင်းဖမ်းတော့အုပ်စုလိုက်၅ယောက်လောက်မိတယ်။ရဲတွေလည်း ချက်ခြင်းရောက်လာတော့ ဖမ်းမိသွားတယ်”လို့ ယုဇနပလာဇာအနီး နေထိုင်သူတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ကား၊ဘေးတွဲဆိုင်ကယ်၊စက်ဘီးအပါဝင် ပစ္စည်းပို့ဒလီပို့သူတွေရဲ့ ဖုန်း၊ပိုက်ဆံအိတ်လုခံရတဲ့ ဖြစ်စဥ်တွေ၊ မကြာခဏဖြစ်နေပြီး ဖမ်းဆီးရမိတာမျိုးမရှိကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။



