တရုတ်အထူးကိုယ်စားလှယ် မြန်မာကိုလာရောက်

၂ ဧပြီ၊၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun သည် မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိလာသည်။

သူသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်ထွန်းနောင် တို့နှင့်ပါ တစ်ပါတည်း တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။

မြန်မာဘက်က တွေ့ဆုံမှုနှင့်စပ်လျဉ်းပြီး နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သည်။

တရုတ်အထူးကိုယ်စားလှယ် မလာရောက်မီ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး နှင့် ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တို့ထံ သီးခြားစီသွားရောက်တွေ့ဆုံပြီး တရုတ်ဘက်က လိုလားချက်များအား ပြောကြားခဲ့သည်ကို တွေ့ရသည်။

ယင်းတွေ့ဆုံမှုများနှင့် စပ်လျဉ်းပြီး တရုတ်ဘက်က တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကိစ္စ၊ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်းအရေးကိစ ဟိုင်ဂင် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီမှုချက် အကောင်အထည်ဖော်ဆောင်သည့် အခြေအနေ၊ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ အခြေအနေတည်ငြိမ်လာစေရန်မျှော်လင့်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု၊ တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည့်အကြောင်း၊ မြန်မာနိုင်ငံဘက်က ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို စောင့်ရှောက်ရန် ကြိုးပမ်းနေပြီး ယင်း ကိစ္စအား တရုတ်နိုင်ငံနှင့်အတူ အမြဲညှိနှိုင်းလုပ်ဆောင်သွားမည့်အကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *