၂၂ ဒီဇင်ဘာ၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံဘက်ကို သွားလို့ရတဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်TBPလက်မှတ်၊ တုံကင်လာရောက်ယူသူထောင်ကျော်ရှိနေပြီး တုံကင်ပေးမယ့်နေရာတွေကို ပြေးလွှား တန်းစီယူနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မူဆယ်ဒေသခံပြည်သူများဟာ တရုတ်နိုင်ငံသို့ ၇ ရက် ဝင်ထွက်ခွင့်ပြုလုပ်နိုင်တဲ့ တစ်ခါသုံးကတ်ရရှိရေး တုံကင်များ ယူနေကြရတာလို့ သိရပြီးတုံကင်ပေးမယ်ရက်ကို ကြိုတင်ကြေညာထားခြင်းမရှိတာကြောင့် အလုအယက်တန်းစီနေကြတာလို့ သိရပါတယ်။


“တုံကင်ရဖို့ဟိုပြေး၊သည်ပြေးပြေးနေကြရတယ် ဒီနေ့ပေးတော့ လူတွေ ကြိတ်ကြိတ်တိုးပဲ တန်းစီပြီး တုံကင်ယူကြတာ။ မြို့ထဲမှာလူတွေစည်ကားနေတာပဲ” လို့မူဆယ်ဒေသပြတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ၂၂ရက်နေ့၊ မနက်ပိုင်းက ကုန်သည်ကြီးများအသင်းမှာ တုံကင်ပေးပြီး၊မနက် (၁၁)နာရီလောက်မှာနေရာပြောင်းပြီး တုံကင်ပေးမယ် လို့ပြောတာကြောင့်၊ တုံကင်ပေးမယ့်နေရာဖက်ကို ပြေးလွားတန်းစီနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ရွာတွေဖက်ကနေထမင်းအငတ်ခံ အိပ်ရေးပျက်ခံလာရောက်ကြရတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်”လို့မူဆယ်မြို့ကပရဟိတအသင်းတခုကပြောပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ မြန်မာတပ်မတော်နဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာကြောင့်စိုးရိမ်လို့ ပြည်သူများ ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။



