ခဲဒါ( ပါကစ္စတန်)၊ ဩဂုတ် ၁၃
ပါကစ္စတန် စစ်သွေးကြွတွေက ဆောက်လုပ်ရေးပရောဂျက်တစ်ခုဆီကို စစ်ယာဥ်တန်းနဲ့ သွားနေတဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့ကို ဩဂုတ်လ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ မဟာဗျူဟာကျတဲ့ အနောက်တောင်ပိုင်း ဂွါဒါ ဆိပ်ကမ်းနားမှာလို့ စစ်တပ်နဲ့ လုံခြုံရေးသတင်း ရင်းမြစ်တွေ က ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ပါကစ္စတန်က သတ္တုကြွယ်ဝတဲ့ ဘာလိုချင်စတန် ပြည်နယ်မှာ ပမာဏကြီးကြီး ရင်းနှီးမြှုပ်နှံထားတဲ့အပြင် ခွဲထွက်ရေးသူပုန်တွေ ဆယ်စုနှစ်ကြာကတည်းက စိုးမိုးထားတဲ့ ဂွါဒါဒေသ ရေနက်ဆိပ်ကမ်းကို လည်း ရင်းနှီးမြုပ်နှံ လုပ် ကိုင်နေတာလည်း ဖြစ်ပါတယ်။
“အကြမ်းဖက်တိုက်ခိုက်ရာမှာ လက်နက်ငယ်နဲ့ လက်ပစ်ဗုံးတွေ အသုံးပြုခဲ့ပြီး စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါ တယ်။ စစ်တပ်နဲ့ အရပ်သား ထိခိုက်မှု မရှိဘူးလို့ စစ်တပ်ရဲ့ပြည်သူ့ဆက်ဆံရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထား ပါတယ်။
တောင်ပိုင်း ကရာချိမြို့က တရုတ်ကောင်စစ်ဝန်ရုံးကတော့ အဲ့ဒိ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ယာဉ်တန်းပေါ်က သူတို့နိုင်ငံ သားတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ကြေညာချက်မှာ ထည့်သွင်းပြောဆို လိုက်ပါတယ်။
ခွဲထွက်ရေး ဘာလိုချင်စတန် လွတ်မြောက်ရေး တပ်မတော် (BLA) ဘက်ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် လူအတ များ သေဆုံး ခဲ့တယ်လို့ ပြောပါတယ်။ဒါပေမယ့် အတည်ပြုနိုင်တာမျိုးတော့ မရှိပါဘူး။
ဂွါဒါ ရေနက်ဆိပ်ကမ်းဟာ အာရေဗျပင်လယ်ကအရေးပါတဲ့ ရေနံတင်ပို့လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားနား မှာ တည်ရှိနေပြီး တရုတ်စီမံခန့်ခွဲမှုအောက်မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။
BLA အဖွဲဘက်ကတော့ မိမိတို့ ပြည်နယ်ရဲ့ သဘာဝအရင်းအမြစ်တွေကို အသုံးချနေတယ် ဆိုပြီးမကြာသေးတဲ့ နှစ်တွေကစ တရုတ်အကျိုးစီးပွားတွေကို ပစ်မှတ်ထားနေတာ ဖြစ်တယ် လို့ သိရပါတယ်။
Ref: Reuters
ပုံစာအညွှန်း။ ဘေဂျင်းက ငွေကြေးထောက်ပံ့ တည်ဆောက်နေတဲ့ ဂွါဒါဆိပ်ကမ်းစီမံကိန်း
Feature Image Credit: AFP/Aamir Qureshi