
photo Credit:Berg Baker/AP
ဝါရှင်တန်၊ ဇန်နဝါရီ ၁၂
အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို သိသိသာသာ အားကောင်းလာစေဖို့ နိုင်ငံအတွင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို အဆင့်မြှင့်တင်မယ့်အကြောင်း ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၁၁ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အဆင့်မြင့် ထောက်လှမ်းရေး၊ ထောက်လှမ်းနိုင်စွမ်းနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ကို ပစ်ခတ်နိုင်တဲ့ စွမ်းရည်မြင့် စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ မရိန်းတပ်ဖွဲ့အသစ်တစ်ခု ဂျပန်မှာ စခန်းချခဲ့တဲ့အကြောင်း အမေရိကန် အရာရှိ နှစ်ဦးက ရှင်းလင်းပြောဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွှိုက် အော်စတင်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ၊ ဂျပန် နိုင်ငံ ခြားရေးဝန်ကြီး ဟာယာ့ရှိ ယိုရှိမာဆ၊ ဂျပန်ကာကွယ်ရေးဝန်ကြီး ဟာမာဒါ့ ယာဆူကာ ဆူ တို့ လေးဦး ပြုလုပ်တဲ့ ဝါရှင်တန် သတင်းစာရှင်းလင်းပွဲမှာ အမှတ်၁၂ မရိန်းတပ်ဖွဲ့ကိုအမှတ်၁၂ ရေကြောင်းရန်ကာကွယ် ရေးမရိန်း တပ်ဖွဲအဖြစ်ပြန်လည်သတ်မှတ်မယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။အဆိုပါ လှုပ်ရှားမှုက ဒေသတွင်း ဂျပန်နှိင်ငံ နဲ့ ဂျပန် ပြည်သူတွေကို ပိုထိထိရောက်ရောက် ကာကွယ်နိုင်မယ်လို့လည်း ဆိုပါတယ်။
ဆိုခဲ့တဲ့ ထိပ်တန်းအဆင့်မြင့် ပုဂ္ဂိုလ် လေးယောက်ရဲ့ ကြေညာချက်ဟာ တရုတ်နိုင်ငံ အတွက် ခိုင်မာတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပြီး နိုင်ငံတွေအကြား လုံခြုံရေးနဲ့ ထောက်လှမ်းရေး ဆက်ဆံရေး အရှိန်အဟုန်မြှင့်တင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အစပျိုးလုပ်ဆောင်မှုတွေရဲ့ ပထမဆုံး အစီအစဥ် တစ်ခု့လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ ဗုဒ္ဓဟူး နေ့က အဆင့်မြင့် ပုဂ္ဂိုလ်လေးဦးတွေ့ဆုံမှုဟာ အမေရိကန်-ဂျပန် လုံခြုံရေး အတိုင်ပင်ခံ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ မကြာခင်မှာ လည်း သမ္မတ ဂျိုးဘိုင်ဒင် က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ စီစဥ်ထားပါသေးတယ်။
အသစ်မွမ်းမံပြင်ဆင်ထားတဲ့ မရိန်းတပ်ဖွဲ့ဟာ အိုကီနာဝါကို အခြေပြုပြီး ဂျပန်နိုင်ငံကို ကာကွယ်ဖို့နဲ့ အရေးပေါ် အခြေအနေတွေကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ ဖြစ်အောင်လိုအပ်တာပံ့ပိုးပေးဖို့ ရည်ရွယ်ထား တဲ့အကြောင်း အမေရိကန်ဘက်ကတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ထည့်ပြောခဲ့ပါတယ်။
အိုကီနာဝါဟာ ပစိဖိတ်ဒေသလုံခြုံရေးအတွက် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးမှာ အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ အကြောင်းက အိုကီနာဝါရဲ့ တစ်စိတ်တစ်ပိုင်းက ထိုင်ဝမ်နဲ့ နီးကပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။
အိုကီနာဝါမှာ အမေရိကန် စစ်ဘက်ဝန်ထမ်း ၂၅,၀၀၀ ကျော်နဲ့ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှု နှစ်ဒါဇင်ကျော်ရှိနေ ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေရဲ့ ၇၀ရာခိုင်နူန်းက အိုကီနာဝါမှာ ရှိနေပြီး၊ အိုကီနာဝါစီရင်စုအတွင်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ယိုနာ့ဂုနိ ဟာ ထိုင်ဝမ်ကနေ မိုင် ၇၀ လောက်ပဲ ကွာဝေး တယ် လို့ နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
Ref: CNN