တရုတ်က ဒေါ်နယ် ထရန့် ပြန်လာမှာ ကြောက်နေသလား 

ဒေါ်နယ် ထရန့် ပြန်လာခဲ့ရင် ဒုတိယ ကုန်သွယ်ရေး စစ်ပွဲ ထပ်ဖြစ်လာဦးမလားဆိုတာကလည်း မေးခွန်းတစ်ခုဖြစ်လာ

၂၀၂၄ နိုဝင်ဘာမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲက တစ်ကျော့ပြန်လာပြန်ပြီ ဖြစ်ပါတယ်။ ဒီနေ့ အထိ မြင်ကွင်းတွေထဲမှာတော့ ဒီမိုကရက်တစ် ခေါင်းဆောင် လက်ရှိသမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ရပတ်ဘလစ်ကန် ဘက်တော်သား သမ္မတဟောင်း ဒေါ်နယ် ထရန့် တို့ကပဲ ပြတ်ပြတ်ထင်ထင် ရှိနေတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဂျိုး ဘိုင်ဒန် ကပဲ အိမ်ဖြူတော်မှာ ဆက်နေခွင့်ရသွားမှာလား၊ ဒေါ်နယ် ထရန့် ကပဲ အိမ်ဖြူတော်ကို တစ်ကျော့ပြန်လာလေဦးမလား ဆိုတာပဲ ဖြစ်ပါတယ်။

“America First” အမေရိကန် အကျိုးသာ ပထမ လို့ ဟစ်ကျွေးထားတဲ့ ဒေါ်နယ် ထရန့် ပြန်လာခဲ့ရင် ဘာတွေ ပြောင်းလဲ ကုန်ဦးမှာလည်း။ ဒါကလည်း တစ်ကမ္ဘာလုံး စောင့်ကြည့်နေရတဲ့ နက်နဲတဲ့ ပုစ္ဆာ တစ်ပုဒ်ပါ။

တရုတ်ခေါင်းဆောင်တွေကလည်း လက်ရှိသမ္မတကပဲ နိုင်သွားမလား၊ ဒါမှမဟုတ် ဒေါ်နယ် ထရန့်ပဲ တစ်ကျော့ပြန်လာမလား ဆိုတာကို  သေသေချာချာကို  မျက်တောင်မခတ်စတမ်း စောင့်ကြည်နေပြီပဲ ဖြစ်ပါတယ်။

ဒေါ်နယ် ထရန့် သမ္မတ တာဝန်ယူထားတုန်းက တရုတ်ရဲ့  အမေရိကန်ဒေါ်လာ ၅ ဘီလျံ တန်ဖို့းရှိတဲ့ Made in China ကုန်ပစ္စည်းမျိုးစုံကို  ၂၅ရာခိုင်နူန်းကနေ ၆၀ရာခိုင်နူန်း စတဲ့ အခွန်တွေ စည်းကျပ်ပစ်လိုက်တဲ့ ထရန့်ရဲ့လုပ်ရပ် ကို တရုတ်က မေ့ဦးမယ် မထင်ပါဘူး။ ဒါကို အဲဒိအချိန်တုန်းက လူတွေက အမေရိကန်၊ တရုတ်ကုန်သွယ်ရေးစစ်ပွဲလို့တောင် ခေါ်ကြတဲ့ အထိ ပြသနာက ကြီးကျယ် နက်ရှိုင်းခဲ့တာပါ။

ဒီလိုတွေ ဖြစ်နေတုန်း ၂၀၁၇ မှာ အမေရိကန်သမ္မတဖြစ်တဲ့ ဒေါ်နယ် ထရန့်နဲ့ သူ့ရဲ့ ဇနီး သည် မီလန်နီယာ ထရန် တို့ တရုတ်ပြည်ကို နိုင်ငံတော် ခရီးစဉ် သွားခဲ့ပြန်ပါတယ်။ ခရီစဥ်မှာ တရုတ်ခေါင်းဆောင် ရှီကျင်းပင် နဲ့ ဇနီးဖြစ်တဲ့  ပန် လီ့ဝန် တို့က ကော်ဇောနီခင်းပြီး ကြိုခဲ့ကြတာကို လည်း မှတ်မိကြဦးမယ် ထင်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံတစ်ဝှမ်း စီးပွားရေးကျပ်တည်းနေလွန်းတာကြောင့်  လူထုကစိတ်ပျက်မှုတွေ တိုးလာနေပြီး တစ်ဘက်ကလည်း အဆင်မချောတဲ့  စီးပွားရေးတည်ငြိမ်မှုနဲ့ တိုးတက်မှု တွေနဲ့ ပတ်သက်ပြီး အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့  လမ်းညွှန်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

ရှန်ဟိုင်းအခြေစိုက် နိုင်ငံခြားရေးမူဝါဒလေ့လာသုံးသပ်သူ ရှန် ဒင်းလီက  “တရုတ်နိုင်ငံအနေနဲ့ ထရန့် ပြန်လာမှာကို ကြောက်နေရမယ်” လို့  ပြောဆိုခဲ့သလို တရုတ်ရဲ့ အမေရိကန်ပို့ကုန်တွေ  သိသိသာသာ ကျဆင်းသွားတာရယ် တရုတ်နိုင်ငံထဲမှာကိုပဲ ဝယ်လိုအားတေွ ဆက်တိုက်ကျနေတာကို ထောက်ပြခဲ့ပါတယ်။ သူကပဲ ဆက်ပြီး “ပြည်တွင်းမှာ စားသုံးဖို့ လုံလောက်တဲ့ ဝင်ငွေရဖို့၊ အလုပ်အကိုင် လုံလောက်မှု မရှိရင် တရုတ်နိုင်ငံမှာ လူမှုရေး စိန်ခေါ်မှုတွေ ပိုရှိလာမယ်”လို ထောက်ပြပါတယ်။

ဒီလိုအချိန်မှာ ဒေါ်နယ် ထရန့် ပြန်လာခဲ့ရင် ဒုတိယ ကုန်သွယ်ရေး စစ်ပွဲ ထပ်ဖြစ်လာဦးမလားဆိုတာကလည်း မေးခွန်းတစ်ခုဖြစ်လာခဲ့ပါပြီ။ အကြောင်းက ဒေါ်နယ် ထရန့်က အခွန်ကောက်မယ် ဆိုတဲ့ စကားလုံးကို နိုင်ငံရေး လက်နက်သဖွယ် ခြိမ်းခြောက်နေခဲ့တာမို့ တရုတ်ခေါင်းဆောင်တွေ အဖို့ အတော်ကို ခေါင်းခဲစေတာကတော့ အမှန်ပါ။

 အကျိုးဆက်က တရုတ်ကုမ္ပဏီတွေဟာ သူတို့ ကုန်ပစ္စည်းတွေကို  အခွန်ရှောင်ဖို့ ကြိုးစားလာနိုင်ပြီး ဈေးကွက်က အရှေ့တောင်အာရှနဲ့  လက်တင်အမေရိက တို့လို နိုင်ငံတွေဆီ ရွေ့သွားနိုင်ပါတယ်။ ဒါမှမဟုတ် တရုတ်ခေါင်းဆောင်တွေက သူတို့ ဈေးကွက်ကို ဥရောပ ဆီ ပြောင်းဖို့ ကြိုးစားကောင်း ကြိုးစားလာနိုင်ပါတယ်။

တစ်ပြိုက်တည်း ကုန်သွယ်ရေးစစ်ပွဲအသစ်ကြောင့် တရုတ်နိုင်ငံမှာ  အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော် သံ တွေ  တိုးမြင့်လာမှာကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါသေးတယ်.။ တရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်း တွေမှာ ထရန့်ရဲ့ ၆၀ရာခိုင်နူန်းအခွန် ကိစ္စကို လှောင်ပြောင်နေကြတာလည်း တွေ့ရမှာပါ။

ဒီနေရာမှာ ဂျိုး ဘိုင်ဒန်ရဲ့ လုပ်ကိုင်ပုံက ရှင်းတယ် ပြတ်တယ်။ စုဝေးသိုင်းဖွဲပြီး ပိုင်မှလုပ်တယ်။ နောက် ခေါင်းမာတယ်။ ညှိလို့နှိုင်းလို့မရဘူး။ ဒါကလည်း ဆယ်စုနှစ်တွေ အများကြီး အမေရိကန်နိုင်ငံရေးလောကကို ကျင်လည်ခဲ့တဲ့သဘာက စကားပြောနေတာပါ။

ဒေါ်နယ် ထရန်ကတော့ နိုင်ငံရေး နောက်ခံမရှိဘူး။ စီးပွားရေးသမားသက်သက်ပဲ။ အဲ့တော့ နိုင်ငံရေးကစားပွဲတွေတိုင်း မှာ ကြေးခေါ်ကစားလေ့ရှိတယ်။  သူ့ ခြောက်လုံးဟန့်လုံးတွေ အရမ်းထိတယ်။ တစ်ဘက်ကို ပြာဝေသွားစေတယ်။ ပြီးရင်တော့ သူက ပြောတဲ့အတိုင်းမလုပ်ပါဘူး။အဲကျမှ အပေါ်စီးကနေ ညှိယူတယ်။ ဒါက ဘိုင်ဒန်နဲ့ ထရန့် တို့ရဲ့ ကွဲပြားတဲ့ စတိုင်ပါ။

ဒီတော့ တရုတ်လို နိုင်ငံမျိုးက ဘယ်လို သမ္မတမျိုးကို  မျှော်လင့်နေမယ် ထင်ပါသလဲ။

 တရုတ်က ဒေါ်နယ် ထရန့် ပြန်လာမှာ တကယ်ကြောက်နေတာလား မဟုတ်ပါဘူး။

ခေါင်းမာတဲ့ ဂျိုး ဘိုင်ဒန် ပြန်လာမှာထက်စာရင်  ကြေးညှိပြီး ကစားလို့ရတဲ့သူ ၊ အပေးအယူလုပ်လို့ရတဲ့  ထရန့်လို့ လူမျိုးနဲ့ပဲ ဆက်ဆံချင်မှာ သေချာပါတယ်။

ဒီတော့  တရုတ်နဂါးကြီးခင်ဗျာ   မီးစာတစ်ဘက် ရေမှုတ်တစ်ဘက်နဲ့ ဒေါ်နယ် ထရန့် ပြန်လာမှာကို  သတိကြီးကြီးနဲ့ မျှော်နေကြပြီလို့ ပဲဆိုလိုက်ပါရစေ။

ကိုးကား။ CNN, CAN, YouTube

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *