တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှု

ကျောင်းဆင်းပွဲနေ့က အာကိနို အီမာ့နာ့ကာ

ကျော်ကျော်စိုး (ဂျပန်)

ဂျပန်မှာ နှစ်စဉ် မတ်လလယ်လောက်ဆိုရင် အခြေခံပညာကျောင်းတွေမှာ ကျောင်းဆင်းပွဲ (Graduation Ceremony) တွေ လုပ်လေ့ရှိတယ်။ မူလတန်းကျောင်းကနေ အထက်တန်းကျောင်း အထိပေါ့။ မူကြိုကျောင်းတွေတောင်ပါသေး။ ကောလိပ် တွေ၊ တက္ကသိုလ်တွေဆိုရင် မတ်လ တတိယပတ် ဒါမှမဟုတ် စတုတ္ထပတ်တွေမှာ လုပ်ကြတယ်။ ကျောင်းသူ ကျောင်းသား တွေအတွက် မမေ့နိုင်စရာ ဘဝမှတ်တိုင်တစ်ခုလို့ ဆိုရမယ်ထင်ရဲ့။

ဂျပန်မှာ အဓိကကျွန်းကြီး ၄ ခုရှိတယ်၊ ဟော့ကိုင်းဒိုး (Hokkaido)၊ ဟွန်ရှူး (Honshu)၊ ကျူးရှူး (Kyushu) နဲ့ ရှိခိုကု (Shikoku) တို့ဖြစ်တယ်။ ရှိခိုခုကျွန်းမှာ ခရိုင် ၄ ခုရှိတယ်။ အဲဟိမဲ့ (Ehime)၊ ခါဂါဝါ့ (Kagawa)၊ တိုကုရှိမာ့ (Tokushima)နဲ့ ခိုးချိ (Kochi) ခရိုင်တို့ဖြစ်တယ်။

ခါဂါ့ဝါ့ခရိုင်ထဲမှာ အိုတဲ့ရှိမာ့ (Oteshima) လို့ခေါ်တဲ့ ကျွန်းလေးတစ်ကျွန်းရှိတယ်၊ မာရုဂါမဲ့ (Marugame) ဆိုတဲ့မြို့ရဲ့ အုပ်ချုပ် ရေးနယ်ထဲမှာ ပါတယ်။ အဲဒီကျွန်းလေးဟာ ဧရိယာအနေနဲ့ ၀.၆ စတုရန်းကီလိုမီတာပဲ ရှိတယ်။ ကျွန်းပတ် ပတ် လည် ကမ်းခြေဟာ ၃.၈ ကီလိုမီတာအရှည်ရှိတယ်။ လူ ၃၈ ဦးနေထိုင်တယ်။ အဓိကအသက်မွေးဝမ်းကျောင်းအလုပ်က ငါးဖမ်းလုပ်ငန်း။ အဲဒီကျွန်းမှာ အသက်ကြီးတဲ့သူတွေ ချည်းပဲ၊ အသက် ၁၈ နှစ်‌အောက်ဆိုလို့ တစ်ယောက်ပဲ ရှိတယ်။

မတ်လ ၁၄ ရက်နေ့က အဲဒီ အိုတဲ့ရှိမာ့ကျွန်းက အလယ်တန်းကျောင်းမှာ ကျောင်းဆင်းပွဲလုပ်ခဲ့တယ်။ ကျောင်းဆင်းတဲ့သူက တစ်ယောက်ပဲရှိတယ်။ အသက် ၁၅ နှစ်အရွယ် အာ့ကိနို အီမာ့နာ့ကာ (Akino Imanaka) ဆိုတဲ့ မိန်းကလေး။

အတန်းထဲမှာ တစ်ယောက်တည်း ကျောင်းလာတက်နေတဲ့ အီမာ့နာ့ကာ

၉ နှစ်တာ ကျောင်းတက်ခဲ့အချိန်နဲ့ ပတ်သက်ပြီး အာ့ကိနို အီမာ့နာ့ကာ က “ကျောင်းသူဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့  ဖြတ်သန်းနိုင်ခဲ့တာဟာ ကျမရဲ့ ဆရာတွေ၊ မိသားစုနဲ့ ကျွန်းမှာနေတဲ့သူတွေရဲ့ ကျေးဇူးကြောင့်ပါ” လို့ ပြောတယ်။

ဂျပန်မှာ မသင်မနေရ ပညာရေးစနစ်အရ လူတိုင်းဟာ အလယ်တန်းကျောင်းပြီးတဲ့အထိ ပညာသင်ယူရပါတယ်။ ဂျပန် အခြေခံပညာရေးက မူလတန်း ၆ နှစ် ၊ အလယ်တန်း ၃ နှစ်၊ ပြီးတော့ အထက်တန်း ၃ နှစ် ဖြစ်ပါတယ်။

အိုတဲ့ရှိမာ့ အလယ်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက်၊ ကျောင်းအုပ်အပါအဝင် ဆရာ ၅ ယောက် ရှိတယ်။ ကျောင်း သူတစ်ယောက်တည်းဆိုတော့ ဆရာမတချို့က ကျောင်းသူအဖြစ် ပါဝင်သရုပ်ဆောင်ပြီး သင်ခန်းစာတွေအပေါ် အီမာ့နာ့ ကာနဲ့ အမြင်ချင်းဖလှယ်တာတွေ လုပ်ကြတယ်၊ အီမာ့နာ့ကာ ဟာ လေ့လာမှုဖလှယ်တဲ့ အစီအစဉ်အရ တစ်ပတ်မှာတစ်ခါ တခြားကျွန်းက အလယ်တန်းကျောင်းကိုသွားပြီး သင်ယူလေ့လာတာတွေကို လုပ်တယ်။

“ကျောင်းမှာက ကျောင်းသားဆိုလို့ ကျမတစ်ယောက်ပဲရှိတော့ တခါတလေ အထီးကျန်သလို ခံစား ရတယ်၊ ကျောင်းသား အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ကျောင်းရဲ့ ကိုယ်စားလှယ်အနေနဲ့ နေရာအတော်များများကို သွားရတယ်၊ အဲဒါက ကျမအတွက် တော် တော် လေး အတွေ့အကြုံ ရတယ်” လို့ အာ့ကိုနို က ပြောတယ်။

အိုတဲ့ရှိမာ့ အလယ်တန်းကျောင်းကို ၁၉၁၄ ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ အနားမှာရှိတဲ့ တဲရှိမာ့ကျွန်းက အလယ်တန်း ကျောင်း ရဲ့ ကျောင်းခွဲအဖြစ်နဲ့ပေါ့။ မြန်မာနိုင်ငံမှာဆိုရင် တွဲဖက်အလယ်တန်းကျောင်းလို့ ဆိုရမှာပါ။ ၁၉၆၄ ခုနှစ်မှာ ကျောင်း သားအရေအတွက် အများဆုံး ဖြစ်ခဲ့ပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းသူကျောင်းသား ၉၁ ဦး အထိ ရှိခဲ့တယ်လို့ သိရ တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျောင်းသားဦးရေ တဖြည်းဖြည်းလျော့နည်းလာခဲ့တယ်။ အာ့ကိနို ရဲ့ အမ အလယ် တန်း ကျောင်း ပြီးသွားတော့ ၂၀၁၃ မှာ အဲဒီအလယ်တန်းကျောင်းကို ပိတ်လိုက်ရတယ်။ ဒါပေမဲ့ အာ့ကိနို အလယ် တန်းတက် မှာ ဖြစ် တဲ့အတွက် အဲဒီအလယ်တန်းကျောင်းကို ၂၀၂၀ မှာ ပြန်ဖွင့်ခဲ့တယ်။ အခု ၂၀၂၃ မှာ ပြန်ပိတ်တော့မယ်။ အာကိနို အီမာ့ နာ့ကာ ကျောင်းဆင်းသွားပြီဖြစ်တဲ့အတွက်လေ။ အာကိနို ဟာ တခြားကျွန်းမှာ အထက်တန်းကျောင်း ဆက်တက် မှာဖြစ်ပါတယ်။

ကျောင်းတွင်းအခမ်းအနားတစ်ခု

ဂျပန် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ကောက်ယူတဲ့ ၂၀၂၂ ခုနှစ်အတွက် အခြေခံ ပညာကျောင်းစစ်တမ်းမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မူလတန်းကျောင်း ၁၉,၁၆၁ ကျောင်းထဲက ၂,၀၆၆ ကျောင်းနဲ့ အလယ် တန်းကျောင်း ၁၂,၀၁၂ ကျောင်းထဲက ၁,၀၃၃ ကျောင်းမှာ ကျောင်းသားအရေအတွက်ဟာ ၅၀ မပြည့်ဘူးလို့ သိရတယ်။ ဂျပန်မှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေတာကို ပြသနေတဲ့ အချက်တစ်ချက်လို့ ဆိုရပါမယ်။

အဲဒီလို ကျောင်းသားအရေအတွက် ဘယ်လောက်ပဲရှိရှိ၊ အိုတဲ့ရှိမာ့ အလယ်တန်းကျောင်းမှာ ကျောင်းသူကျောင်းသား တိုင်းကို အခြေခံပညာရေးရဲ့ တန်ဖိုးထားရှိမှုအတိုင်း ပေးတယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောတယ်။ “ကျောင်းက ဝေးလံခေါင်ဖျားတဲ့နေရာမှာ ရှိနေတာတောင်မှ အဲဒီတမူထူးခြားမှုဟာ အားအင်တစ်ခုဖြစ်ပြီး အဲဒါကို ပညာရေးအတွက် အသုံးချရမှာဖြစ်တယ်” လို့ ဆိုတယ်။  

မတ်လ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အဲဒီကျောင်းဆင်းပွဲအခမ်းအနားကို ကျွန်းမှာနေတဲ့သူတွေ အပါအဝင် လူ ၅၀ တက် ရောက်ခဲ့တယ်။ တစ်ကျောင်းလုံးမှာ ကျောင်းသူတစ်ယောက်ပဲရှိပေမဲ့ အဲဒီကျောင်းသူအတွက် အားလုံးက အခမ်း အနား ပြုလုပ်ကြတယ်၊ တက်ရောက်အားပေးကြတယ်၊ အသိအမှတ်ပြုကြ ဂုဏ်ပြုကြတယ်။ အဲဒါက အာကိနို အီမာ့နာ့ကာ အတွက် အားအင်သစ်တွေကို ရစေမှာကတော့ သေချာပါတယ်။

အာကိနို အီမာ့နာ့ကာ က “ကျမ အိုတဲ့ရှိမာ့ကျွန်းမှာ မွေးဖွားခဲ့တာကို ပျော်ရွှင်ကြည်နူးပါတယ်၊ ဒီနေရာဟာ ကျမရဲ့နှလုံး သားထဲ မှာ မမေ့နိုင်စရာအဖြစ် ရှိနေမှာပါ၊ ကျမရဲ့ခရီးစဉ်သစ်ကို စိတ်ဓာတ်အင်အားကောင်းကောင်းနဲ့ ဂုဏ်ယူဝင့် ကြွား စိတ်နဲ့ စတင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။   

  • Mainichi သတင်းစာပါ သတင်းတစ်ပုဒ်ကို ဖောက်သည်ချတဲ့ အနေနဲ့ ဒီစာစုကို ရေးလိုက်တာပါ။
  • ဘာသာပြန်ဆိုရေးသားသူ (၂၀၂၃ခုနှစ် မတ်လ ၂၈ရက်)

Leave a Reply

Your email address will not be published. Required fields are marked *