
Photo Credit: AP
ပို့စ် ဆူဒန်၊ မေ ၁
နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲတွေရဲ့ တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်နေတာမို့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ဆူဒန်ပြည်သူတွေဟာ ထွက်ပြေးလွတ်မြောက်ရာမြေ ရေရရောရာ မရှိတဲ့ အဖြစ်ဆိုးနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
ဒီနေ့အချိန်အထိ တိုက်ပွဲတွေကြောင့်သေဆုံးရသူဟာ ၁၀၀၀နီးပါး ရှိနေပြီး အိုးအိမ်ပစ်ပြေးရတဲ့ မိသားစုတွေကလည်း ရုတ်တရက် ရေတွက်ဖို့တောင် ခက်ခဲနေတယ်လို့ အခင်းဖြစ်နေရာကလာတဲ့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
တိုက်ပွဲ စဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲက လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကစလို့ တိုက်ပွဲတွေက အရှိန်လျော့မသွားသေးပဲ ထိခိုက် သေဆုံးတာတွေ၊ အိုးအိမ်တွေ ပျက်ဆီးတာတွေ စတဲ့ စစ်ဘေးရန်က တစ်ရက်ထက် တစ်ရက် ပိုတိုးလာနေလို့ အိမ်နီး ခြင်းနိုင်ငံအပါအဝင် နိုင်ံငံအများအပြား က စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဆူဒန်-အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အက်ဒီ ဘတ်ရှား ဆိုသူက ဧပြီ ၃၀ တနင်္ဂနွေနေ့က တော်ဝင်ဆော်ဒီ ရေတပ် သင်္ဘော HMS Al-Diriyah ပေါ်တက်ရောက် ခိုလှုံခွင့်ရခဲသူ ၅၂ ဦးထဲကမှ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်တွေ့ ပြောပြ တာက သူ့ရဲ့ ကားရောင်းဝယ်ရေးဆိုင် တိုက်ခိုက်ခံရပြီး ဆိုင်က ကားတချို့လည်း ခိုးခံရသလို တချို့ကားတွေ ကတော့ မီးလောင် ပျက်စီးကုန်ပြီလို့ ပြောပါတယ်။ အဲ့ဒီလို့ အခြေအနေတွေ ဆိုးလာတဲ့ နောက်မှာတော့ သူလည်း ခါတွန်မြို့ ကနေ ထွက်ပြေးခဲ့တယ်ဆိုတဲ့အကြောင်း CNN ကို ပြောပြပါတယ်။ “လမ်းပေါ်မှာ လူသေအလောင်းတွေ ကလည်း အများကြီးပဲ” လို့ သူက ထပ်ပြောပြပါတယ်။
လတ်တလောမှာ နှစ်ဖက်အဖွဲတွေက ယာယီအပစ်ရပ်ဖို့ ဧပြီ ၂၈ ရက်ကတည်းက သဘောတူထားတယ်လို့ ဆိုနေပေမယ့် နေရာတိုင်းမှာ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေက ဆဲမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံ တစ်ခု ဖြစ်တဲ့ ချဒ်နိုင်ငံကတော့ သူနိုင်ငံထဲကို ဆူဒန်ဒုက္ခသည်တွေ သိန်းချီပြီး ဝင်လာဖို့ တာစူနေ တဲ့အရေး ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မစဥ်းစားတတ်အောင်ကို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသတွင်းသတင်းတွေအရရော၊ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရကတော့ ဆူဒန် စစ်မီးဟာ လတ်တလော ငြိမ်း သွား ဖို့ လမ်းမမြင်သေးဘူးလို့ တွက်ဆနေကြပါတယ်။
ဆူဒန်ပြည်သူအများအပြားကတော့ အသက်ဘေးက လွတ်မယ့်နေရာကို နေ့နေ့ညည ရှာဖွေနေရင်းပဲ အသက်တွေ ထပ်ပေး နေရတယ်လို့ ကမ္ဘာသတင်းတွေ က ဖော်ပြနေကြောင်းပါ။
Ref: CNN



