ဆီတစ်ခါထည့်ဖို့အရေး ပြည်သူတွေနာရီချီစောင့်ရ

၁၀ ဒီဇင်လာ၊၂၀၂၃

ရန်ကုန်မြို့ကစက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဆီရဖို့နေစဉ်ကားအစီးရေနှစ်ရာကျော်လောက်နဲ့ မနက်၃နာရီကတည်းကတန်းစီစောင့်ဆိုင်းနေရတယ်လို့ ရန်ကုန်မြို့နေသူတွေကပြောပါတယ်။

စက်သုံးဆီရရှိဖို့ ၄နာရီကျော်ကြာတန်းစီနေရသလို အချို့နေရာတွေမှာ ညအိပ်စောင့်ပြီးတန်းစီနေကြရတယ်လို့ မြောက်ဒဂုံမြို့နေသူတဦးကပြောပါတယ်။

“ကျမတို့ရပ်ကွက်ဖက်မှာတော့ ညအိပ်စောင့်ပေးသူတွေရှိတယ်။တစ်စီးကိုတထောင်ပေါ့ ။အချို့ကလဲကိုယ်တိုင်စောင့်ရတာမျိုးရှိနေတယ်”လို့မြောက်ဒဂုံမြို့နေထိုင်သူတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာတော့ ပြည်သူများအနေနဲ့ ဆီကို လိုအပ်တာထက် ပိုမို ဝယ်ယူခြင်းများ မပြုလုပ်ကြဖို့ နဲ့ လတ်တလော စက်သုံးဆီ ပြတ်လပ်မှု မရှိဘူးလို့ အသိပေးထားပေမယ့် တကယ့်မြေပြင်မှာတော့ အချိန်ကြာမြင့်စွာတန်းစီနေရဆဲ ဖြစ်နေပါတယ်။

ရန်ကုန်မြို့တွင်းမြို့နယ်တွေအပြင် ​မြို့အစွန်မြို့နယ်တွေနဲ့ မြို့ပြင်နေရာတွေပါ စက်သုံးဆီတန်းစီနေသူတွေမနက်၃နာရီကနေည​၁၁နာရီအချိန်ထိတန်းစီနေကြရတယ်လို့ သိရပါတယ်။

ဆီဆိုင်တွေရှေ့မှာ တန်းစီထားတဲ့ကားက ကိုယ်ထည့်မဲ့အလှည့်ရောက်ရင် စက်သုံးဆီကုန်သွားတာနဲ့ ကြုံရတာတွေလဲရှ်ိနေတယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေက ပြောပါတယ်။

“ဆရာစံ လမ်းMax ဆီဆိုင်ကို တန်းစီနေကြတာ

ကမ္ဘာအေးဘုရားလမ်းကျော်ပြီး ရွှေဂုံတိုင် ဘန်ဒါပင်ထိရောက်နေလို့ ပြန်လာခဲ့တယ်၊အလည့်မရောက်ခင်ကုန်မယ့်သဘောမျိုးဖြစ်နေလို့လည့်ပြန်ခဲ့ရတယ့်”လို့တာမွေမြို့နေထိုင်သူတဦးက ပြောပါတယ်။

ညနေ အလုပ်ဆင်းချိန်နဲ့မနက်ပိုင်းအလုပ်သွားချိန်တွေမှာ ဆီတန်းစီကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေလဲ ရန်ကုန်မှာဖြစ်နေပါတယ်။

ဒီဇင်ဘာ ၅ ရက်မှာ တစ်နိုင်ငံလုံးက စက်သုံးဆီ အရောင်းဆိုင် သုံးသောင်းကျော်မှာဆီသယ်ယာဉ် ၁,၇၂၉ စီးနဲ့ 92 ဂါလန် ၉ သိန်း ၇ သောင်းကျော်၊ 95 ဂါလန် ၂ သိန်း ၅ သောင်းကျော်၊ ဒီဇယ်ဂါလန် ၆ သိန်း ၅ သောင်းကျော်၊ ပရီမီယံ ဒီဇယ်ဆီ ၈ သိန်း ၃ သောင်းကျော် ဖြန့်ဖြူးပေးပြီးဆီတင်သင်္ဘောများလည်း ရန်ကုန်ပင်လယ်၀ ရောက်ရှိနေကြောင်း နိုင်ငံပိုင်သတင်းစာကနေ အသိပေးထုတ်ပြန်ထားပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *