၂၄ ဇန်နဝါရီ၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြို့မှာတိုက်ပွဲတွေပြင်းထန်လာမှာစိုးရိမ်လို့ မြို့ခံတွေရှောင်ပြေးဖို့ပြင်ဆင်နေကြရတယ်လို့ ဆီဆိုင်မြို့ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ မနက်ပိုင်းကတည်းက စျေးပိတ်သွားကြတယ် တစ်မြို့လုံးတိိတ်ဆိတ်နေကြတယ်။တိုက်ပွဲတွေဖြစ်လာရင် တစ်မြို့လုံးရှောင်ပြေးကြမှာ အထုတ်အပိုးတွေပြင်ဆင်နေကြပီ”လို့ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။
ဆီဆိုင်မြို့ကို PNLAနဲ့ မဟာမိတ်များက သိမ်းပိုက်မယ်လို့ သတင်းများ ထွက်ပေါ်ပြီးနောက် ရဲစခန်းကရဲတွေနဲ့မိသားစုဝင်များ တောင်ကြီးမြို့ကို ရှောင်ပြေးရတယ်လို့ အတည်မပြုနိုင်ပေမယ့် ဒေသခံတွေကြား သတင်းစကားကျယ်ပြန့်နေပါတယ်။
ဒီနေ့ ဇန်နဝါရီ၂၄ မနက်ပိုင်းမှာလေယာဥ်တွေဝဲနေလို့ ဒေသခံတွေရှောင်ပြေးဖို့ ပြင်ဆင်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကဆီဆိုင်မြို့နယ်နောင်ထော်ကျေးရွာ အနီးရှိ PNO ပြည်သူ့စစ်စခန်းကို PNLA နဲ့ မဟာမိတ် တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ဆီဆိုင်မြို့ကို ညပိုင်းအချိန် PNLA နဲ့ မဟာမိတ် တပ်ဖွဲ့များက ဝင်သိမ်းမယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။
“အခု ဆီဆိုင်မြို့နယ်တခုလုံးကျေးရွာကအစ တိတ်ဆိတ် ခြောက်ကပ်နေပြီ အချို့ကအထုတ်အပိုးပြင်ထားကြတဲ့သူတွေလဲရှိနေတယ်လို့” ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ ကယားပြည်နယ်ကနေ စစ်ရှောင်လာသူ ၃သောင်းနီးပါးနေထိုင်နေကြတယ်လို့ သိရပါတယ်။



