
Photo credit :Heo Ran/Reuters
ဆိုးလ်၊ အောက်တိုဘာ ၃၀
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဟယ်လိုးဝင်းပွဲတော် ကျင်းပနေတုန်း လူအုပ်ပြိုပြီး တိုးဝှေ့ခဲ့ကြရာက လူအုပ်ပိ၊ အသက်ရှုကျပ်၊ ထိခိုက်ဒဏ်ရာရ စတဲ့ အကြောင်းတွေနဲ့ ပရိသတ် ၁၅၁ဦးထက် မနည်း သေဆုံးခဲ့တယ် လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူအများစုနဲ့ ဒဏ်ရာရသူတွေဟာ ဆယ်ကျော်သက်နဲ့ အသက် ၂၀အရွယ်ရှိသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ် ကတော့ တနင်္ဂနွေနေ့ (အောက်တိုဘာ ၃၀ ရက်) ကို နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းကာလအဖြစ် ချက်ခြင်း ကြေညာခဲ့ပါတယ်။
“ဒါဟာ တကယ့်ကို ကြေကွဲစရာပါပဲ” လို့ သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “မနေ့ညက ဆိုးလ်မြို့လယ်မှာ မဖြစ်သင့်တဲ့ ကြေကွဲစရာနဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။” လို့လည်း ပါရှိပါတယ်။
မြို့တော်ရဲ့နာမည်ကြီး အာတေးဝန် ခရိုင်မှာ စနေနေ့ည အောက်တိုဘာ ၂၉က ဟယ်လိုးဝင်း ပွဲကို လူပေါင်း ၁သိန်း လောက် လာရောက်ဆင်နွှဲခဲ့ကြပြီး ဧရိယာကျဉ်းမြောင်းတဲ့ လမ်းကြားတွေနဲ့ အကွေ့အကောက်လမ်းတွေမှာ ပိတ်ဆို့ခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
ယောင်ဆန်း မီးသတ်စခန်း အကြီးအကဲ ချွိုင်းဆောင်ဗြွန်က နိုင်ငံခြားသား ၁၉ ဦး အပါအဝင် သေဆုံးသူ ၁၅၁ ဦးကို အတည်ပြုပေးခဲ့သလို နောက်ထပ် လူ ၈၂ ဦး ဒဏ်ရာရခဲ့ပြီး ၁၉ ဦးက ပြင်းထန်ကြောင်း အခင်းဖြစ်ပွားရာနေရာမှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ကာ မစ္စတာ ချွိုင်းက တရားဝင်ပြောခဲ့ပါတယ်။
သူကဆက်ပြီး “သေဆုံးသူအရေအတွက် မြင့်မားရတာက ဟယ်လိုးဝင်း ပွဲတော်အတွင်းမှာ လူတွေ အချင်းချင်း နင်းမိခဲ့ကြတာက ဒီ ဆိုးရွားတဲ့ရလဒ်ကို ရစေခဲ့တာပါ”လို့ မစ္စတာချွိုင်း က ပြောတဲ့ အကြောင်း သိရပါတယ်။
Ref:cna