ဆိုင်းငံ့ထားတဲ့ သူ့ရဲ့ တရုတ်သေဒဏ်ကို အယူခံဝင်မှာမဟုတ် ဘူးလို့ စာရေးဆရာ ယန် ဟိန်းဂျွန်ကပြော

ဆစ်ဒနီ၊ ဖေဖေါ်ဝါရီ ၂၁

တရုတ်-သြစတြေးလျနိုင်ငံသား အတိုက်အခံခေါင်းဆောင်၊ တရုတ် သံတမန်ဟောင်း ယန် ဟိန်းဂျွန် က သူ့အပေါ်  ပေကျင်းတရားရုံးက ချမှတ်ထားတဲ့ ဆိုင်းငံ့သေဒဏ်ကို အယူခံဝင်မှာမဟုတ်ဘူးလို့ သူ့မိသားစုက ဖေဖေါ်ဝါရီ ၂၁ရက် ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်သလို  တရုတ်နိုင်ငံရဲ့  “လူမဆန်တဲ့” တရားစီရင်ရေးစနစ်ကို ရှုတ်ချကြောင်းကိုလည်း သူ့တို့မိသားစုရဲ့ ကြေညာချက်ထဲမှာ  ဖော်ပြထားတယ်လို့ သိရပါတယ်။

ယန်ဟာ သူလျှိလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပေကျင်းတရားရုံးက အခုလအစောပိုင်းမှာ ဆိုင်းငံ့သေဒဏ် ချမှတ်တာခံခဲ့ရတာ ဖြစ်ပါတယ်။

ယန်ရဲ့ အယူခံကို တရားရုံးက လက်ခံခဲ့မယ်ဆိုရင် သေဒဏ်ကနေ တစ်သက်တစ်ကျွန်း ပစ်ဒဏ် အဖြစ် လျှောချပေးနိုင်မယ့် အခွင်အရေးလည်း ရှိနေပါတယ်။

ယန်ကတော့ ကျောက်ကပ်မှာ  အကျိတ်တွေ ပေါက်နေလို့ ကျန်းမာရေး ဆိုးရွားနေပြီး အယူခံဝင်ဖို့ အင်အား မရှိတော့ဘူးလို ဆိုပါတယ်။

” ငါးနှစ်ကြာ  ဆေးဘက်ဆိုင်ရာ လျစ်လျူရှုခံရတယ်” လို့ သူမိသားစု ကပြောပါတယ်။

ယန်ရဲ မိသားစုတွေရဲ့ သဘောဆန္ဒကလည်း ပြင်းထန်နေတဲ့ကျန်းမာရေး အခြေအနေကြောင့် အယူခံဝင်ဖို့ထက် အရေးပေါ်ဆေးဘက်ဆိုင်ရာသက်သာခွင့် တစ်ခုခုရဖို့  အာရုံစိုက်မယ်လို့ ပြောတဲ့ အကြောင်း သိရပါတယ်။

“ဒေါက်တာယန် ရဲ့ အကျိုးစီးပွားနဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ ဆက်လက်ဖိအားပေးနေပြီး သူ့ကို ကောင်စစ်ဝန်က အကူအညီတွေ ပေးသွားမှာပါ” လို့  သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်းက ဖေဖေါ်ဝါရီ ၂၁ မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။

တရုတ်နွယ်ဖွား ဩစတြေးလျနိုင်ငံသား  ယန် ဟိန်းဂျွန်ဟာ သူလျှိုလုပ်တယ်လို့  စွပ်စွဲခံရပြီး ၂၀၁၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံခဲ့ရတာလို့ သိရပါတယ်။

Ref: AFP

ပုံစာ။  ၂၀၁၄ က ဆိုရှယ်မီဒီယာမှာ တွေ့ရတဲ့ ဒေါက်တာ ယန် ဂျွန်ဟိန်း

Feature Image credit: Reuters

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *