ဆိုင်ကလုန်းမုန်တိုင်း “မိုချာ” အားပျော့ပျက်ပြယ် တော့မယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ပြောကြား

#မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ မေလ၁၄ရက်နေ့ညပိုင်း သုံးသပ်ချက်ဖြစ်ပါတယ်

ဆိုင်ကလုန်းမုန်တိုင်း “မိုချာ” က စစ်တွေမြို့အနီးမှ ကုန်းတွင်းကို ESCS(Extremely Severe Cyclonic Storm) အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်အဆင့်(လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ နဲ့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက် ကုန်းတွင်းမှာ အရှေ့မြောက်ဘက်-ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ကိုဖြတ်ကျော်ပြီး မေလ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန် ကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားတော့မယ်လို့ အိန္ဒိယမိုးလေဝသဌာကက ထုတ်ပြန်ချက်၊ JTWC WARNING-14 တို့မှာတွေ့ရပါတယ်။

ကုန်းတွင်းမှာ မေလ ၁၄ ရက် ညနေ ၆ နာရီခွဲအထိ လေတိုက်နှုန်း တစ်နာရီ ၈၆ မိုင်နှုန်းနဲ့ ချင်းပြည်နယ်ပေါ်ကို ရောက်ရှိပြီးတဲ့နောက် အရှေ့မြောက်ဘက် စစ်ကိုင်းတိုင်းအတွင်းကို လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ ခန့်ဖြင့် ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းကို လေဖိအားနည်းရပ်ဝန်း လေတိုက်နှုန်းတစ်နာရီ ၂၈ မိုင်နှုန်းနဲ့လည်းကောင်းဖြတ်ကျော်ပြီးတဲ့နောက် အားပျော့ပျက်ပြယ်သွားတော့မယ်လို့ တွေ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုချာ” အဆင့်အမျိုးမျိုးနဲ့ ကုန်းတွင်းမှာဖြတ်သန်းစဉ် ချင်းပြည်နယ်နေရာအနှံ့အပြားမှာ လေပြင်းများ တစ်နာရီ ၈၆ မိုင်နှုန်းအထိတိုက်ခတ်ခဲ့ပြီး မိုးအလွန်သည်းထန်စွာ(၂၄ နာရီအတွင်းမိုရေချိန် ၁၀ လက်မခန့်အထိ)ရွာသွန်းခဲ့ကြောင်းတွေ့ရပါတယ်။

အခုအချိန်မှာတော့ ဆိုင်ကလုန်း “မိုချာ”ဟာ စစ်ကိုင်းတိုင်းအတွင်း “ကုန်းတွင်းမုန်တိုင်း”အဖြစ် အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေပြီး မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းအတွင်း စေတုတ္တရာ၊ ဆော၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကလေး၊ ပင်လယ်ဘူး၊ ကောလင်း၊ ထီးချိုင့်၊ ဖေါင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေမှာ မိုးရေချိန် ၁ လက်မခွဲမှ ၈ လက်မ အထိ ရွာသွန်းနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

ဧပြီလ ၃၀ ရက်နေ့က စ ပြီး Early Warning ပေးနိုင်အောင်၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်မလာခင် မုန်တိုင်းဝင်ရောက်နိုင်မဲ့ အဖြစ်နိုင်ဆုံးဒေသတွေကို အသိပေးပြီး Evacuation လုပ်ငန်းများပြင်ဆင်ဆင်နိုင်အောင်အသိပေးနိုင်ခဲ့တဲ့ “” အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုချာ”” နဲ့ပတ်သက်ပြီး မေလ ၁၅ ရက် နံနက်ပိုင်းမှာတော့ သတင်းတင်ပြနေတာအားလုံး နိဂုံးချုပ်တော့မှာဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။

ကျနော့်ရဲ့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေများအားလုံး သဘာဝဘေးအပေါင်းမှလွတ်ကင်းနိုင်ကြပါစေ။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *