
လန်ဒန်၊ ဇူလိုင် ၁၃
ငွေကြေးအာမခံချက် မြင့်မားတဲ့ ယူရိုငွေတန်ဖိုးက နှစ်၂၀ အတွင်းမှာ အနိမ့်ဆုံးကို ထိုးကြခဲ့တာမို့ အမေရီကန်ဒေါ်လာနဲ့ တန်ဖိုးအတူတူလောက်ဖြစ်နေပြီလို့ သိရပါတယ်။ အလားတူပဲ ငွေကြေးတန်ဖိုး တည်ငြိမ်ပြီး တန်ဖိုးကြီးလှတဲ့ ဗြိတိန်စတာလင်ပေါင်ကလည်း အမေရီကန်ဒေါ်လာ ၁ဒဿမ ၁၈ အထိ တန်ဖိုးကျဆင်းသွားခဲ့ပြီး နှစ်နှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
ပြဿနာရဲ့ ရင်းမြစ်တွေကတော့ ဥရောပတလွှား ငွေကြေးဖောင်းပွမှုတွေရယ်၊ရုရှားရဲ့ ယူကရိန်ကျူးကျော်စစ် ကြောင့် ဥရောပရဲ့ စွမ်းအင် အကျပ်အတည်း ပိုဆိုးလာတာရယ် တစ်ဆက်တစ်စပ်တည်း အမေရီကန်ဒေါ်လာ တန်ဖိုးမြင့်လာတာ တွေကြောင့်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။
ရုရှားဓါတ်ငွေ့တွေ ဂျာမဏီကို ပို့ပေးနေတဲ့ ဓါတ်ငွေ့ပိုက်လိုင်ကြီးကို အကြီးစားပြင်ဆင်ဖို့ ၁၀ရက်ကြာပိတ်ထားခဲ့ရတာကလည်း ဥရောပအတွက် ပိုပြီးပြင်းထန်တဲ့ ထိုးနှက်ချက်ကြီး တစ်ခုဖြစ်ခဲ့ပြီး ငွေကြေးဈေးကွက်ကိုပါ ထပ်ဆင့်ရိုက်ခတ်စေခဲ့ပါတယ်။
ယူကေအခြေစိုက် ကမ္ဘာလုံးဆိုင်ရာငွေကြေးဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ အက်ဘရီ(Ebury) ရဲ့ ဈေးကွက်ဆိုင်ရာ မဟာဗျူဟာအကြီးအကဲ မက်သရူး ရိုင်ရန်က “ဥရောပမှာ ငွေကြေးအကျပ်အတည်းတွေ ပြင်းထန်လာလေ အမေရီကန်ဒေါ်လာ ပိုပြီး တန်ဖိုးတက်လေပဲ” လို့သုံးသပ်ပါတယ်။
နယူးယော့ခ်က Fxstreet.com ရဲ့ အကြီးတန်းလေ့လာသုံးသပ်သူ ဂျိုးဇက် ထရာဗီစာနီကတော့ “ လူတွေက စိတ်ပူလာတဲ့အခါ အမေရီကန်ဒေါ်လာနဲ့ ပိုင်မှုတွေ ဝယ်ကြတော့တယ်” လို့ ပြောပါတယ်။
ဒီနေ့ ၂၀၂၂ ဇူလိုင် ၁၃ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ကမ္ဘာ့ငွေကြေး ဈေးကွက်မှာတော့ အမေရီကန် တစ်ဒေါ်လာက ယူရိုငွေ ဒဿမ ၉၉ ( .၉၉) ပေါက်ဈေးရှိနေပြီး ဗြိတိန်ပေါင်စတာလင် နဲ့ ဆိုရင်ကတော့ ဒဿမ၈၄ ( .၈၄) ဈေး ရှိနေကြောင်းပါ။
Ref: Daily Mail & Reuters