၁၅ အောက်တိုဘာ၊၂၀၂၃
စီးတီးတက္ကစီယာဉ်များ အခြားယာဉ်များနှင့်ကွဲပြားမှုရှိစေရန် ဘေးတစ်ဖက်တစ်ချက်တွင် အဝါရောင်လိုင်းစတေကာကပ်၍ ပြေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)၏ ပြောကြားချက်ကိုကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
“စီးတီးတက္ကစီယာဉ်တွေကို အခြားယာဉ်တွေနဲ့ကွဲကွဲပြားပြားဖြစ်ဖို့နဲ့ သိသာထင်ရှားစွာ မြင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီရဲ့ လမ်းညွှန်ချက်အရ စီးတီးတက္ကစီယာဉ်တွေရဲ့ဘေးမှာ ငါးလက်မအနံလောက်ရှိတဲ့ အဝါလိုင်းစတေကာကပ်ခြင်း၊ ဒါမှမဟုတ် ဆေးအဝါသုတ်ခြင်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
စီးတီးတက္ကစီယာဉ်များ၌ အဝါလိုင်းစတေကာကပ်ခြင်းကို ယခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ယင်းနေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိကာလအတွင်း YRTC က ကျခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဘေးစတေကာ၏တန်ဖိုးမှာ ဒီဇိုင်းညှပ်ခအပါအဝင် ငွေကျပ် ၅ဝဝဝ ခန့်ကုန်ကျမည်ဖြစ်ကြောင်း၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ၎င်းတို့ဘာသာပြင်ပတွင် ပုံစံတူစတေကာကပ်ခြင်းနှင့် ဆေးသုတ်ခြင်းတို့ကိုလည်း YRTC က ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာ ၁ ရက်ကနေစပြီးတော့သုံးလအတွင်း လာရောက်ဆောင်ရွက်တဲ့သူတွေကို ကျွန်တော်တို့ YRTC က အခမဲ့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ သုံးလကြာပြီးလို့ လိုက်နာဆောင်ရွက်ခြင်းမရှိရင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ညွှန်ကြားမှုမနာခံတဲ့အတွက် ဒဏ်ကြေးငွေကျပ် ၃၀၀၀၀ အရေးယူမှာဖြစ်ပါတယ်”ဟု ဦးလျန်ကျင့်မန်က ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနတွင် မှတ်ပုံတင်ထားသည့် တက္ကစီအစီးရေ ၅၉၀၀၀ ကျော်ရှိပြီး YRTC တွင် စီးတီးတက္ကစီမှတ်ပုံတင်ထားသည့်ယာဉ်စီးရေ ၅၃၀၀၀ ကျော်ရှိကြောင်း၊ စီးတီးတက္ကစီယာဉ်များကို အဝါရောင်လိုင်းစတေကာကပ်ခြင်းသည် ပုဂ္ဂလိကတစ်ဦးချင်းပိုင် တစ်စီးတစ်ရောင် ဖြစ်နေသည့်ယာဉ်များကိုစုစည်းကာ စီးတီးတက္ကစီယာဉ်များကို အခြားယာဉ်များနှင့် ကွဲပြားစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်ညီစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း YRTC မှ သိရသည်။
ရင်းမြစ်-နိုင်ငံပိုင်မီဒီယာ